ပျံသန်းချင်တဲ့ ကြွက်ကလေး

ဟိုးရှေးရှေးတုန်းက တောအုပ်တခုထဲက သစ်ပင်အောက်မှာ ကြွက်လေးတကောင်ဟာ ပျင်းပျင်းနဲ့ လှဲအိပ်နေသတဲ့။ အဲဒီလို အိပ်နေရင်းကနေ

"အင်း၊ ငါဟာ ဟိုးမိုးပေါ်က ငှက်လေးတွေလို လေထဲမှာ ပျံဝဲနေရရင် သိပ်ကောင်းမှာပဲ။ ငါသာ ငှက်လေးတွေလို ပျံနိုင်ရင် တိမ်တွေကြားထဲမှာ ပျံလိုက် လေဟုန်စီးလိုက်နဲ့ သိပ်ဇိမ်ကျပြီး သိပ်ပျော်စရာကောင်းမှာ" လို့ တွေးမိတယ်။

ဒါကြောင့် လေထဲမှာ ပျံလို့ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားနေမိတယ်။ အကြံတခု စဉ်းစားမိတာကတော့ လေထဲမှာ ပျံတတ်တဲ့ သတ္တဝါတကောင်ဆီ သွားပြီး နည်းလေးဘာလေး သိအောင် မေးမြန်းကြည့်ဖို့ပဲ။ "ဟာ ဟုတ်ပြီ တောစပ်နားက ကိုကျီးဆီ သွားပြီး နည်းလေးဘာလေး တောင်းရမယ်" လို့ တွေးလိုက်တယ်။

ဒီလိုနဲ့ ကိုကျီးဆီ ရောက်တော့ "ဗျို့ ကိုကျီး ကျုပ်လည်း ခင်ဗျားတို့လို လေထဲမှာ ပျံချင်လို့။ အဲဒါ နည်းလေးဘာလေး ရှိရင် ပြောပြစမ်းပါဦး" လို့ ပြောလိုက်တယ်။

ဒီအခါမှာ ကိုကျီးက "ဟ ကြွက်ကလေးရ မင်းမှာက ကျုပ်တို့လို အတောင်ပံမှ မရှိတာ ဘယ်လိုလုပ် ပျံလို့ ရမှာလဲ" လို့ ပြန်ပြောလိုက်တယ်။

ကြွက်ကလေးကလည်း "ဒီလိုဆို ဒီအတောင်ပံမျိုး ကျွန်တော့်မှာ ရှိအောင် ဘယ်လိုလုပ်ရမှာလဲ။ အကြံလေး ဘာလေးရှိရင် ပေးစမ်းပါဦးခင်ဗျား" လို့ တောင်းတောင်းပန်ပန်နဲ့ ထပ်ပြောလိုက်တယ်။

ဒီတော့ ကျီးက "နေဦးကွ ငါတို့ လေထဲပျံတာ အတောင်နှစ်ဖက်ကို ဖြန့်ပြီး အားနဲ့ ပျံတာပဲ။ ဒီတော့ ဟာဟုတ်ပြီ အကြံတခုတော့ရပြီ မင်းမှာ အတောင်ပံ မရှိတော့ ဟောဟိုသစ်ပင်က အရွက်ကြီးကြီး နှစ်ရွက်ကို မင်းရဲ့ လက်မှာ ကပ်ချည်ပြီး အားရပါးရ လက်ကို ခတ်ပြီး ပျံကြည့်ပေါ့" လို့ အကြံပေးလိုက်တယ်။

ကြွက်လေးလည်း အရမ်း ပျံချင်နေတဲ့သူဆိုတော့ ဖြစ်နိုင် မဖြစ်နိုင် သိပ်မစဉ်းစားတော့ဘဲ "ဟုတ်တယ် ဟုတ်တယ် ခင်ဗျားပြောတဲ့နည်း မဆိုးဘူး လုပ်ကြည့်ရမယ်။ ကျုပ် ပျံနိုင်ရင်တော့ တော်တော် ပျော်စရာကောင်းမှာ" လို့ ပြန်ပြောလိုက်တယ်။

အဲဒီနောက်မှာတော့ ကြွက်ကလေးဟာ ကျီးကန်း ပြောတဲ့အတိုင်း သူရဲ့လက်နှစ်ဘက်ကို သစ်ရွက်နှစ်ရွက်နဲ့ ကပ်ချည်ပြီး "ဟားဟား သစ်ရွက်တော့ တပ်ပြီးသွားပြီ။ လေထဲ ပျံဝဲတက်သွားအောင် လက်နှစ်ဘက်ကို ခတ်ကြည့်ရမယ်" လို့ အော်ဟစ်ကာ လက်ကို အဆက်မပြတ် ခတ်ကြည့်သတဲ့။

ဖလပ် ဖလပ် ဖလပ် "အမယ်လေး မလွယ်ပါလား။ လက်သာ ပြုတ်ထွက်တော့မယ် မြေကြီးပေါ်ကနေ တလက်မ လောက်တောင် လေထဲကို ပျံမတက်ပါလား" လို့ ညည်းညူလိုက်တယ်။

ဒီတော့ ကိုကျီးက "ဟာ မင်းက ပျံတဲ့ အကျင့်မှ မရှိ သေးတာ။ ဒီတော့ မြေပြင်မှာ ခတ်နေမယ့် အစား ဟိုသစ်ပင်ကြီးပေါ် တက်ပြီး အရှိန်နဲ့ ခုန်ချကြည့်ပေါ့။ ဒါမှ လေထဲမှာ ပျံဝဲပြီး ပျံတက်လာမှာပဲ" လို့ အားပေးစကား ပြောလိုက်တယ်။

ကြွက်လေးလည်း ပထမနည်းနဲ့ မအောင်မြင်တော့ နောက်တနည်းနဲ့ စမ်းကြည့်ဖို့ သဘောတူ လိုက်တယ်။ “ကိုကျီးအကြံ မဆိုးဘူး လုပ်ကြည့်မယ်" လို့ ပြောပြောဆိုဆိုနဲ့ သစ်ပင်ပေါ် တက်ပြီး ခုန်ကြည့်လိုက်တယ်။

ဒီတခါမှာတော့ ကြွက်ကလေးဟာ လေထဲမှာ ပျံဝဲမနေဘဲ မြေပြင်ပေါ်ကို ဘုတ်ခနဲ ပြုတ်ကျ သွားတော့တယ်။ "အမယ်လေး သေပါပြီဗျ" လို့ အော်လိုက်မိတယ်။ ကိုကျီးလည်း သူ့အကြံ မအောင်မြင်တော့ လစ်ပြေးတော့တာပေါ့။

ဒါပေမယ့် ကြွက်ကလေးဟာ အမှတ်မရှိသေးဘဲ နောက်တဦးဆီမှာ ထပ်ပြီး အကြံတောင်းဖို့ စဉ်းစားပြီး လမ်းလျှောက်လာ လိုက်တာ "ဟာ ဖိုးကြွက် လက်မှာ သစ်ရွက်တွေ ကပ်လို့ ဘာလုပ်ဖို့လဲ" လို့ ကိုကြက်ဖက နှုတ်ဆက်လိုက်မှ ကိုကြက်ဖဆီမှာ အကူအညီတောင်းဖို့ သတိရသွား တော့တယ်။

အဲဒါနဲ့ ကြွက်လေးက "ကျွန်တော် လေထဲမှာ ပျံချင်လို့ လေ့ကျင့်နေတာ ခင်ဗျားမှာ နည်းလေးဘာလေး ရှိရင် သင်ပေးစမ်းပါဦး" လို့ ကြက်ဖကြီးကို အကူအညီ တောင်းလိုက်တယ်။

ကိုကြက်ဖက "ဒါလား လွယ်ပါတယ် မင်းကို ငါ လက်တွေ့ သင်ပြမယ်။ ကဲဟောဒီလို သစ်ပင်ပေါ်ကို အရင် ခုန်တက်ပြီးတော့ ဒီလို တောင်ပံကိုဖြန့် ခေါင်းကို မော့ပြီး ခြေထောက်နဲ့ ကန်ပြီးဆင်းလိုက်" လို့ ဆိုပြီး သစ်ပင်ပေါ်ကနေ ခုန်ပြီး ပျံပြတာပေါ့။

အဲဒါနဲ့ ကြွက်လေးလည်း ပျံကြည့်ဖို့ လုပ်တော့ ကိုကြက်ဖက "နေဦးကွ မင်းလက်က သစ်ရွက်တွေက လေးတယ် ခတ်လို့ မကောင်းဘူး ဒီတော့ ငါ့ဆီက အတောင် သုံးလေးချောင်း နှုတ်ပြီး မင်းရဲ့ ကိုယ်မှာ အတောင်တွေ သေချာ တပ်ပေးမယ်။ နောက်ပြီး ကြာကြာ ပျံဝဲလို့ရအောင် ဟိုးနားက ကျောက်တောင် စွန်းပေါ်ကနေ တက်ပြီး ခုန်ချကြည့်" လို့ ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်ကအတောင်တွေ နှုတ်ပေး လိုက်တယ်။

ကိုကြက်ဖ ပြောတဲ့အတိုင်း ကြွက်ကလေးဟာ ပြေးသွားပြီး ကျောက်တောင်စွန်းကနေ တခါတည်း ခုန်ချလိုက်တာ အပေါ်ကို ပျံဝဲတက်လို့ မရဘဲ အောက်ဘက်ကို ဇောက်ထိုး ပြုတ်ကျတော့သတဲ့။ ကြွက်ကလေး ပြုတ်ကျနေတာကို အနီးအနားက ဖြတ်ပျံသွားတဲ့ ငှက်မကြီး တကောင်က တွေ့လို့ အောက်မကျခင် အချိန်မီလေး သူ့ရဲ့ကျောနဲ့ ဝင်ခံပေးလိုက် ပါရောကွယ်။

ကြောက်ကြောက်လန့်လန့်နဲ့ ပြုတ်ကျလာတဲ့ ကြွက်လေးဟာ ငှက်မကြီးရဲ့ ကိုယ်ပေါ်ကိုဘုတ်ခနဲ ကျတော့မှ သူ့ကိုယ်သူ မသေနိုင်တော့ဘူး ဆိုပြီး ဝမ်းသာ သွားတော့တယ်။

ဒီတော့မှ ငှက်မကြီးက "မင်းလုပ်တာ အားလုံး အစအဆုံး ငါကြည့်နေတာကွ။ မင်းဟာ မဖြစ်နိုင်တာကို စိတ်ကူးတွေယဉ်ပြီး ဇွတ်လုပ်နေတာပဲကိုး။ ဟိုးအောက်ဘက်ကို သေချာကြည့်စမ်း ကျောက်တုံး ကျောက်ခဲတွေနဲ့ ကံကောင်းလို့ မင်းမသေတာ" လို့ သူ့ကို ပြောပြလိုက်တယ်။

ကြွက်လေးလည်း "ကျေးဇူးပါပဲ ဒေါ်ငှက်မသာ မကယ်ရင် ကျွန်တော်တော့ အရိုးတခြား အသားတခြား ဖြစ်လောက်ပြီ" လို့ ပြန်ပြောတာပေါ့။

ဒီတော့ ဒေါ်ငှက်မက "အေး မင်း နောင်တရပြီ ဆိုရင် နောင်ကို ကိုယ့်သဘာဝပေးတဲ့ အတိုင်း နေပါကွယ်။ မဖြစ်နိုင်တာကို အားမကျပါနဲ့ ဟုတ်ပြီလား" လို့ ဆုံးမလိုက်သတဲ့။

ကြွက်ကလေးလည်း ဒေါ်ငှက်မကို ကျေးဇူးတင်ကြောင်း ပြောပြီး ကိုယ့်သဘာဝပေး အခြေအနေအတိုင်းပဲ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။ နွေမင်းသစ်

Post a Comment

0 Comments