ရှင်းပြချင်တဲ့စိတ်ကို ထိန်းလိုက်ပါ

ဘယ်သူ့ကိုမှ ရှင်းပြချင်တဲ့ ဆန္ဒတွေ မများပါနဲ့။ သူတို့မှန်တယ် ထင်နေသရွေ့ သင့်ရဲ့ရှင်းပြမှုဟာ ငြင်းခုံစရာ တခုမျှသာ ဖြစ်လာပါလိမ့်မယ်။

မိမိတို့တတွေ တဦးနဲ့တဦး နားလည်မှု လွဲနေကြတဲ့ အခါတွေမှာ တဖက်လူကို မိမိသည် မှန်ကြောင်း မိမိကို စာနာသင့်ကြောင်း မိမိသာ တော်ကြောင်းတွေ စသည်ဖြင့် ပြောချင်နေမိ ပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ ပထမဦးဆုံး စဉ်းစားစေချင်တာက တဖက်လူကလည်း မိမိကို သူမှန်ကြောင်း သူအပေါ် စာနာသင့်ကြောင်း သူသာ တော်ကြောင်းတွေ ပြောချင်နေမယ် ဆိုတာပေါ့။

6 ဆိုတဲ့ သခ်ျာဂဏန်းဟာ တဖက်ကကြည့်ရင် 9 ဖြစ်နေရော။ ဒါကို တဖက်ထဲက ကြည့်ပြီး ဖင်ပိတ်ငြင်းနေလို့ မရဘူး။

ရှုထောင့်။ ဘယ်ရှုထောင့်က အမှန်ဆုံးလဲ။ ငါကြည့်တဲ့ ရှုထောင့်က အမှန်ဆုံးပဲ။ သူများရှုထောင့်က ငါ့လောက် မှန်မှာ မဟုတ်ဘူး။ ငါအမှန်ဆုံးပဲ ခံယူကြတာပဲ။ ပြီးတော့ သူများရှုထောင့်ကို လေးစားရမှန်း၊ တန်းဖိုးထားရမှန်းလောက် စိတ်မကျယ်ကြလို့ပါပဲ။

အားလုံးကြားဖူးကြတဲ့ ပုံပြင်လေး ရှိပါတယ်။ မျက်ကန်း ခြောက်ယောက်နဲ့ ဆင်တကောင် အကြောင်းကိုလေ။ ကိုယ်စမ်းမိရာ ကိုယ်မိရာကို ကိုယ်သိထားတာလေးနဲ့ ဘာနဲ့တူကြောင်း ပြောကြတယ်လေ။

နားရွက်စမ်းမိသူက ဆင်ဟာ ယပ်တောင်နဲ့ တူတယ်၊ နှာမောင်းစမ်းမိသူက မြွေနဲ့တူတယ်၊ ခန္ဓာကိုယ်စမ်းမိသူက နံရံနဲ့တူတယ်၊ ခြေထောက်စမ်းမိသူက အိမ်တိုင်နဲ့ တူတယ်၊ အမြီးစမ်းမိသူက ကြိုးနဲ့တူတယ်၊ အစွယ်စမ်းမိသူက လှံနဲ့တူတယ် စသဖြင့် ပြောပြီး ငြင်းခုန်ကြတာပေါ့။

တကယ်တမ်းက ဘယ်တယောက်ရဲ့ ရှုထောင့်ကမှ ဆင်တကောင်ကို ပုံဖော်နိုင်တာ မဟုတ်ဘူး။ မှန်တာလည်း မဟုတ်ပါဘူး။ မှားနေပါတယ်လို့လဲ ပြောလို့မရဘူး။ တကယ်တော့ မပြည့်စုံတာ။ ဘာမပြည့်စုံတာလဲ ဆိုရင် အသိပညာ။

ကိုယ်ထင်မြင်တာကိုပဲ အမှန်ဆိုပြီး မိမိအနိုင်ရဖို့ ဆိုတဲ့စိတ်နဲ့ တဖက်ပိတ် ငြင်းခုန်နေကြတာပါပဲ။ ပူးပေါင်းပြီး အဖြေရှာဖို့ မစဉ်းစားကြဘူးလေ။ ဆင်တကောင်ဟာ ဘယ်လိုရှိမှန်း သိချင်တာထက် ငါ့ကမှန်တယ် ဆိုတာ အပြိုင်ငြင်းကြတာပဲ။

တကယ်တမ်း ဆင်ဟာ ဘယ်လိုဆိုတာ သိအောင် လုပ်နိုင်တဲ့နည်း ရှိပါတယ်။ အနီးအနားက ဆင်မြင်ဖူးသူ တယောက်ကို မေးကြည့်ရုံနဲ့ မှန်ကန်တဲ့ အဖြေကို ရနိုင်ပါတယ်။

ခုတော့ မျက်ကန်းခြောက်ယောက်ဟာ ခုပြောသလို မလုပ်ကြပဲ "ငါပဲ အမှန်" ဆိုတဲ့ စိတ်ကြောင့် ငြင်းခုန်နေတာပဲ။ သူတို့ကို ဘယ်သူမှန်ကြောင်း ပြောပြနိုင်တဲ့သူကို မရှာကြဘူးလေ။

လူတွေက မျက်မမြင်တွေနဲ့ တူပါတယ်။ ဘယ်နေရာမှာပဲဆိုဆို ဘယ်ကိစ္စရပ်ကိုပဲဆိုဆို ဘယ်သူ့အပေါ်ပဲဆိုဆို ကိုယ်ရှုထောင့်ကနေပဲ ကိုယ့်သိသလောက်၊ ကိုယ်ယူဆနိုင်သလောက်ကိုပဲ အမှန်လို့ ဆုံးဖြတ်တယ်။

ဒါကြောင့် ဘယ်သူကိုမှ ရှင်းပြချင်တဲ့ဆန္ဒတွေ မများပါနဲ့။ သူတို့မှန်တယ် ထင်နေသရွေ့ဟာ သင့်ရဲ့ ရှင်းပြမှုဟာ ငြင်းခုံစရာ တခုမျှသာ ဖြစ်လာပါလိမ့်မယ်။ အရာရာတိုင်း မရှင်းပြချင်ပါနဲ့။ လက်ခံနိုင်စွမ်းရှိ မရှိ၊ တဖက်လူကို လေ့လာသုံးသပ် ကြည့်ပြီးမှ လုပ်သင့်ပါတယ်။

တခါတလေမှာ ကိုယ် ရှင်းပြလိုက်မှ ပိုရှုတ်သွားတာတွေ ရှိပါတယ်။ ကိုယ်ရှင်းပြမှု ညံ့လို့လဲ မဟုတ်နိုင်ပါဘူး။ တဖက်က လက်မခံလိုတာကြောင့် ဖြစ်တယ်။ ဒါကြောင့် တဖက်သားကို ရှင်းပြချင်စိတ်တွေ ဖြစ်နေတယ်ဆိုရင်၊ ဒီစာလေးကို သတိရပေးပါနော်။ Crd

Post a Comment

0 Comments