လူတိုင်းရင်ထဲမှာ ရှိစေချင်တယ်

အမှတ်တမဲ့ပါပဲ။ နားထဲ ခပ်သဲ့သဲ့ ကြားလိုက်တာပါ။

"အကြော်တခုကို ဘယ်လောက်လဲ"

ကလေးတယောက်ကို လက်မှာဆွဲပြီးတော့ အမျိုးသမီးတယောက် (ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းထဲက ပုံပါ) အကြော်ဝယ်ဖို့ မေးတဲ့ အသံပါ။

"အကြော်တခုကို ၅၀ ပါ"

"တရာဖိုး ၃ ခု ထားလိုက်"

"မရလို့ပါကွယ်"

"၂၀၀ ဖိုး ငါးခုရော ရမလား"

တအောင့်လောက် နေတော့ နောက်ထပ် ကြားလိုက်ရတာက

"လာ သား အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး မစားချင်နဲ့သား" ဆိုပြီး ကလေးကို ဆွဲခေါ်သွားတယ်။

ကျနော် စိတ်ဝင်စားသွားတယ်။ သေချာလှမ်းကြည့်လိုက်တော့ အသက် (၆၀) ကျော် အမေကြီးတယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတယောက်က ဈေးဆစ်နေတာ။ သြော် လူတွေများ ခက်လိုက်တာဗျာ အကြော်ဝယ်ဖို့ ဈေးဆစ်လို့ မရတော့ ညစ်ပတ်တယ် မစားနဲ့လို့ ပြောသွားတယ်။

ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့ အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့။ အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ ထွက်သွားတယ်။

"ဟောဒီက အကြော်ပူပူလေး"

ရင်ထဲမှာ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ ကျနော် ကမန်းကတန်း လှမ်းခေါ်လိုက်တယ်။ အမေကြီး ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ပါ ပြန်လှည့်လာပြီး အကြော်ဗန်းကို ချပေးတယ်။

ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ ဗန်းထဲမှာ စားချင်စဖွယ် သန့်သန့်ရှင်းရှင်း လုပ်ထားတာပါ။

(စဉ်းစားမိတယ် ဆောင်းတွင်းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေက မနက်က ကြော်ထားတာ ဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေက ပူနေမှာမလွဲ။ အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)

သြော် ဒီအသက်အရွယ်နဲ့ ဆောင်းတွင်း နေပူပူမှာ ဘယ်လောက် ပင်ပန်းရှာလေမလဲ။ ငါ့အမေများ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့ ကိုယ်ချင်းစာ စိတ်မကောင်း ဖြစ်မိတယ်။

"အမေကြီး အကြော် တခု ဘယ်လောက်လဲ" သိပေမယ့် ထပ်မေးလိုက်တယ်။

"အကြော်တခု (၅၀) ပါ သားလေးရယ်"

နောက် ထပ် ဈေးဆစ်မှာ ရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ။ မျက်နှာပေါ်က ချွေးစက်တွေကို တဘက်နဲ့ သုတ်ရင်း ခပ်တိုးတိုး ဖြေတယ်။

"အမေကြီး အကြော်တွေက စားချင်စရာပဲ စားကောင်းမယ့်ပုံပဲဗျ" ဆိုပြီး အကြော်တခုကို ကောက်ဝါးလိုက်တယ်။

(သူ့ခမျာ အမောပြေ သဘောကျသွားပုံပဲ။ ညှိုးငယ်နေတဲ့ မျက်နှာ ချက်ခြင်း ပြုံးလာတယ် ဝမ်းသာသွားပုံပဲ) "အရသာရှိတယ် အမေကြီး ရုံးကလူတွေလည်း ကျွေးချင်လို့ အကုန်လုံးဆိုရင် ဘယ်လောက်ကျလဲ" လို့ မေးပြီး ငါးထောင်တန် တရွက်ထုတ်ပေးလိုက်တယ်။

အကြော်တွေ ထည့်ရင်းနဲ့ ဗန်းအောက်က ငါးရာတန်နဲ့ နှစ်ရာတန် အနွမ်းလေးတွေ တုန်တုန်ရီရီနဲ့ ထုတ်ရေပြီး ပြန်အမ်းဖို့ ကြိုးစားနေတယ်။

"ရတယ် အမေကြီး ပြန်မအမ်းပါနဲ့တော့" ဆိုတော့ "မဟုတ်တာ သားလေးရယ်" တဲ့။ "ရတယ် ပိုတာကို ကုသိုလ်လုပ်တာပါ" လို့ ပြောလိုက်ရော

"ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ်။ အိမ်က သားတွေများ ဒီလို သိတတ်ရင်" ဆိုပြီး ပုခုံးပေါ် တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စ တချို့ကို ဖြတ်ခနဲ သုတ်ရှာတယ်။ ရင်ထဲမှာ မကောင်းဘူး။ မိဘချင်း ကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်။

"အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ" ဆိုတော့ (၆၅) နှစ်တဲ့။ ကျနော့်အမေနဲ့ အသက်သိပ်မကွာ။ လောကဒဏ်ရဲ့ ရိုက်ပုတ်မှုပင်ပန်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီး အိုစာနေပါလား။ တကယ်ဆို ဒီအရွယ်က ဘုရားရိပ် တရားရိပ်မှာ.. တရားအားထုတ်ပြီး အေးအေးချမ်းချမ်း နေရမယ့် အရွယ်လေ။

သားသမီးတွေ ရှိလား လို့လည်း ကျနော် မမေးချင်တော့ပါ။ သားသမီးတွေက မထောက်ပံ့ကြဘူးလား လို့လည်း မမေးချင်တော့ပါ။ ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ ကျနော်တို့ ဆီမှာ ဘယ်လောက်တောင် ရှိနေမလဲ။

ကျနော်ကကော ဘယ်နှစ်ခါ ဘယ်လောက် ကူညီနိုင်မှာမို့လဲ။ တကယ်တော့ လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ်၊ သားသမီးတိုင်းရဲ့ ရင်ထဲမှာ မိဘကျေးဇူးကို သိတတ်နားလည် လုပ်ကျွေးပြုစုချင်တဲ့စိတ်၊ လူသားတိုင်းရဲ့ ရင်ထဲမှာ ကိုယ်စီတာဝန်ကျေနားလည်မှုတွေ ရှိနေကြမယ် ဆိုရင်။ ရိုးနိုင်စံ

Post a Comment

0 Comments