စီးပွားရေးလုပ်သောအခါ မုဆိုးလိုကျင့်ပါ

တခါက စီးပွားရေးလုပ်ရတာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတယောက် ရှိတယ်။ သူက စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေးဘေးမှာ အေးအေးဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။

အဲ့ဒီလို နေ့စဉ် ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီးတဦးက တောကောင်တွေ တနေ့တမျိုး ရရလာကာ ဖြတ်သွားလေ့ရှိတာကို သတိထားမိတယ်။ အဲဒါနဲ့ တရက်တော့ ဗဟုသုတလည်း ရအောင်ဆိုပြီး မုဆိုးကြီးကို သားကောင်တွေ တနေ့တမျိုး ဘယ်လိုရအောင် လုပ်လဲ မေးကြည့်ခဲ့တယ်။

မုဆိုးကြီးကလည်း အသက်ဝါကြီးသူ ဆိုတော့ ‌လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့် ရှိနေခဲ့ပြီ။ ဒါကြောင့် လူငယ်လေး စကားပြောတဲ့အခါမှာ "ငါလည်း မင်းကို သတိထားမိပါတယ်။ ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲ" လို့ ပြန်မေးတယ်။

ဒီအခါ လူငယ်က သူဟာ စီးပွားရေးလုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟပြောဆို လိုက်ပါတော့တယ်။ ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့ မုဆိုးလောကနဲ့ ယှဉ်ပြီး စီးပွား ဘယ်လိုလုပ်ရတယ် ဆိုတာကို ပြောဆိုပါတော့တယ်။

စီးပွားရေး လုပ်တယ်ဆိုတာ အခုလုပ်ချင်တိုင်း ထလုပ်လို့ ရတဲ့အရာ မဟုတ်ပါဘူး။ စီးပွားရေး မဆိုထားနဲ့ မင်းတို့တွေ သင်တန်းလေးတခု တက်ချင်တယ် ဆိုရင်တောင် ကိုယ်တက်မယ့် သင်တန်းလေး ကောင်းမကောင်း၊ အခြေအနေ ဘယ်လိုရှိလဲ ကြိုတင်လေ့လာ‌ စုံစမ်းရတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါသော ကဏ္ဍတခု အနေနဲ့ ပါဝင်လို့နေတယ်။

ဒါကြောင့် စီးပွားရေး လုပ်ခြင်းက ငါတို့လို မုဆိုးတယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့ တူတယ်။ မုဆိုးဟာ သားကောင်မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။ ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်နေရာမှာ ဘယ်လိုလုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာမှတ်သားရ တယ်။

ကိုယ်ကျင်လည်မယ့် နေရာမှာ မျက်စိလည်ကာ လမ်းမပျောက်အောင်လည်း ကြိုးစားရတယ်။ သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်းရှုံး၊ လမ်းလည်းဆုံးတတ်သောကြောင့် ဖြစ်တယ်။

ဒါ့အပြင် တောကောင်ဟင်းသားတော့ ရချင်ပါရဲ့ တောကျွမ်းပေမယ့် သားကောင်ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့ လိုချင်တာ ရမှာ မဟုတ်ဘူး။ တောလိုက်မယ် ဆိုမှတော့ တောင်ကောင်ရဖို့ ဒူးလေး ပစ်တတ်ရမယ်။

အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံး ထောင်ခြောက်တော့ ဆင်တတ်ရမယ်။ ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာ ဖြစ်တယ်။‌ ဒူး‌လေးလည်း မပစ်တတ်၊ ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင်ကျင့်ကြံဖို့ ပထမဦးစွာ လိုအပ်မယ်။

နောက်တခုက ငါတို့အနေနဲ့ ဘာသားကောင် ရချင်တာလဲ၊ လိုချင်တာလဲ ဆိုတာ တွေးထားရတယ်။ ယုန်ကို ရချင်တာလား၊ ချေ(ဂျီ)၊ ဒရယ်ကို ရချင်တာလား၊ တောင်ဆိတ်ကို ရချင်တာလား၊ ငါးကို ရချင်တာလား အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့် တောမှာ ရှိပါ့မလား၊ ရနိုင်ပါ့မလား တွေးတတ်ရတယ်။

ငါးကို လိုချင်ပါတယ်ဆို တောထဲ သွားရှာလို့ မရဘူး။ ရေကန်ထဲ သွားရှာမှ ရမယ်။ ထို့အတူ ယုန်ရချင်ရင် ရေထဲ သွားရှာလို့မရဘူး၊ တောထဲ သွားရှာမှရမယ်။ တောင်ဆိတ် ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။ ဒါကြောင့် စီးပွားရေး လုပ်မယ်ဆိုရင် ငါတို့မုဆိုးတွေ ဘာသားကောင် ရချင်တာလဲ တွေးသလို မင်းလုပ်မယ့် စီးပွားရေးက ဘာလဲ သိအောင်လုပ်ပါ။

ဒါ့အပြင် ငါတို့မုဆိုး‌တွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့် စီးပွားရေးနယ်ပယ်ကို ကျွမ်းကျင်အောင် ကြိုတင်လေ့လာပါ။ ဥပမာ ကိုယ်က ပစ္စည်း အရောင်းအဝယ် လုပ်ချင်တယ်ဆိုပါစို့။

ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ၊ ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက် အသိပညာကို လေ့လာ မှတ်သားရပါမယ်။

နောက်ဆုံးအနေနဲ့ ကိုယ်လုပ်တဲ့ စီးပွားရေးက နေရာမှန်ဖို့ ပါဘဲ။ ဆင်းရဲသားတွေကို ရွှေ ငွေကျောက်သံပတ္တမြား သွားရောင်းလို့ အဆင်မပြေနိုင်ဘူး။ သူတို့ရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေး ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ရောင်းချင်ရင် စားသောက်ကုန်နဲ့ အဝတ်အထည်ဘဲ အရောင်းသွက်မယ်။

ရွှေငွေကျောက်သံ ပတ္တမြားရောင်းချင်ရင် သူဌေးအသိုင်းအဝိုင်းကဘဲ ဝယ်ယူသုံးစွဲ နိုင်လိမ့်မယ်။ ဒါကြောင့် ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ်ကလည်း မှန်ကန်ဖို့ လိုအပ်တယ်လို့ မုဆိုးကြီးက ပြောလိုက်တယ်။

ဒါကြောင့် မင်းအနေနဲ့ စီးပွားရေးလုပ်မယ် ဆိုရင် အရေးကြီးဆုံး မှတ်သားထားသင့်တွေက (၁) ဘာရချင်လဲ၊ ဘာဖြစ်ချင်လဲ တွေးပါ။ (၂) ဖြစ်ချင်၊ ရချင်တဲ့ အရာ‌ပေါ်လာရင် ဘယ်လိုပညာနဲ့ ရယူမလဲ လိုအပ်တဲ့ ပညာလေ့လာပါ။

(၃) ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ။ (၄) ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကို မျက်စိမလည်စေနဲ့။ မျက်စိမှားရင် အသိပါ မှားတတ်တယ်။ (၅) ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူကျအောင် လုပ်ပါ။ သူရိန်

Post a Comment

0 Comments