ကြွက်သေတခု အရင်းပြုသော်

ဟိုးရှေးရှေးတုန်းကပေါ့။ ဘုရင်ဗြဟ္မဒတ်မင်း စိုးစံစဉ်အခါ သူဌေးကြီး စူဠသေဋ္ဌိဆိုတာ ရှိသတဲ့။ သူဟာ ခြိုးခြံချွေတာပြီး အကြံကောင်း ဉာဏ်ကောင်းခဲ့လို့ သူဌေးဘဝ ရောက်ခဲ့ရသူပေါ့။

တနေ့တော့ သူဌေးကြီးဟာ ဗြဟ္မဒတ်မင်းထံ ခစားဖို့ အိမ်က ထွက်လာခဲ့ရာ လမ်းမှာ ကြွက်သေတကောင်ကို တွေ့လိုက်ရသတဲ့။ အဲဒါနဲ့ သူဌေးကြီးက "ဉာဏ်ပညာနဲ့ ပြည့်စုံသူဟာ ဤကြွက်သေကို အရင်းပြုကာ ကြီးပွားချမ်းသာရမယ်" လို့ ဆိုလိုက်သတဲ့။

သူဌေးကြီးလမ်းမှာ ကြွက်သေကို တွေ့ပြီး ပြောဆိုလိုက်တာကို သူဆင်းရဲသားတယောက်က ကြားသွားသတဲ့။ သူက ကြွက်ကို သွားပြီး ဈေးမှာ ကြောင်စာအဖြစ် စတင်ရောင်းချလိုက်ရာ အသပြာတခြင်ရွေး ရသွားသတဲ့ကွယ်။ ထိုအသပြာ တခြင်ရွေးနဲ့ တင်လဲဝယ်ယူကာ ပန်းသည်များကို တင်လဲအနည်းငယ်စီ ကျွေး၍ သောက်ရေပါပေးသတဲ့။

ပန်းသည်များက ပန်းတဆုပ်စီပေးသဖြင့် ထိုပန်းများကို ရောင်းချပြီး ရသည့်အသပြာနဲ့ တင်လဲ ထပ်ဝယ်ပြန်တယ်။ နောက်တနေ့မှာ ပန်းသည်များ ရှိရာသွားပြီး တင်လဲပေးပြီး ရေတိုက်ကျွေးမှုကို လုပ်ပြန်တယ်။ ပန်းသည်တွေက မိမိတို့ ပန်းတွေကို အနည်းငယ်စီ ပေးလိုက်ပြန်တော့ ထိုပန်းများကို ရောင်းချရာက အသပြာရှစ်ပြားရသတဲ့။

တနေ့တော့ ရာသီဥတု ဆိုးဝါးပြီး လေပြင်းတိုက်တော့ မင်းဥယျာဉ်ရှိ သစ်ပင်များမှ သစ်ကိုင်းများ ကျိုးကျကုန်တယ်တဲ့ကွယ်။ သူက ကလေးတွေကို တင်လဲကျွေးပြီး သစ်ကိုင်းတွေစုပြီး ထင်းအဖြစ် ပုံထားသတဲ့။

နောက်တော့ ဘုရင့်အတွက် အိုးဖုတ်တဲ့ လူတွေဆီမှာ ထင်းရောင်းပြန်သတဲ့လေ။ အသပြာတဆယ့်ခြောက်ပြားနဲ့ အိုးငါးလုံး ထင်းဖိုးအဖြစ် ရပြန်သတဲ့။ စုစုပေါင်း သူ့မှာ အသပြာ နှစ်ဆယ့်လေးပြား ပိုင်ဆိုင်လာပြီပေါ့။

အဲဒီအလုပ် ကြိုးစားတဲ့ သူဆင်းရဲဟာ မြက်ရိတ်သမားတွေရှိရာ သွားပြီး ရေတိုက်ကျွေး ပြန်သတဲ့။ မြက်ရိတ်သမားတွေကလည်း ပင်ပန်းတုန်း ရေယူလာတဲ့သူ့ကို လိုတဲ့အကူအညီ ပြောပါဆိုတဲ့စကား ရလာသတဲ့။ အဲဒီလို မိတ်ဆွေသစ်ရှာရင်း ဆိပ်ကမ်းမှာ တာဝန်ခံလုပ်သူနဲ့ ဝန်ထမ်းအချို့နဲ့ ရင်းနှီးပြန်သတဲ့။

တနေ့တော့ သူတို့က မနက်ဖြန် သည်မြို့ကို မြင်းကုန်သည်တယောက် မြင်းငါးရာနဲ့ သင်္ဘောဆိုက်မယ်လို့ ပြောကြပြန်သတဲ့။ အဲဒီအခါမှာ အလုပ်ကြိုးစားသူက သူကူညီဖူးတဲ့ မြက်ရိတ်သမားတွေဆီမှာ မြက်တစည်းစီ တောင်းလိုက်သတဲ့။

မြင်းကုန်သည် ရောက်လာတော့ ဆိပ်ကမ်းဝန်ထမ်းတွေ အကူအညီနဲ့ သူ့မှာရှိတဲ့ မြက်တွေကို ရောင်းလိုက်တော့ အသပြာတထောင် ရလိုက်ပြန်တာပေါ့။

နောက်သုံးလေးရက် အကြာမှာ ဆိပ်ကမ်းတာဝန်ရှိသူတွေက ဆိပ်ကမ်းကို မကြာမီ ကုန်တင်သင်္ဘောတစင်း ဆိုက်လာလိမ့်မယ်လို့ သတင်းပေးပြန်တယ်။ သည်အခါမှာ အလုပ်ကြိုးစားသူဟာ ရထားတစီးနဲ့ တပည့်အချို့ကို အခြွေအရံ ပရိသတ်အဖြစ် ထားပြီး ဆိပ်ကမ်းကို ကုန်သည်ကြီးအသွင်နဲ့ ရောက်လာသတဲ့။

လှေသူကြီးနဲ့ တွေ့ပြီး ကုန်အားလုံး ဝယ်ယူမည့်သူ ဖြစ်ကြောင်း ပြောဆိုပြီး စရန်အဖြစ် လက်ဆောင် လက်စွပ်တကွင်း ပေးလိုက်သတဲ့။ ပြီးတော့ ကန့်လန့်ကာ သုံးထပ်ကာတဲ့ အခန်းတခုထဲမှာ ခမ်းနားစွာ နေထိုင်သတဲ့။ သူခေါ်လာတဲ့ တပည့်တွေက ကန့်လန့်ကာ တခုစီမှာ လုံခြုံရေးအစောင့်သဖွယ် ချထားသတဲ့။

အဲဒီအချိန်မှာ မြို့ပေါ်က ကုန်သည်တွေက လှေသူကြီးမှာ ကုန်ဝယ်ဖို့ ရောက်လာကြသတဲ့။ သူတို့ထက်စောပြီး ရောက်နှင့်တဲ့ အလုပ်ကြိုးစားသူက ကန့်လန့်ကာ သုံးထပ်ကျော်မှ ခန့်ခန့်နေပြီး လှေသူကြီးနဲ့ ကုန်ဝယ်ဖို့ စရံသတ်ပြီး နေနေတယ်လေ။

အဲဒီလိုနဲ့ မြို့ပေါ်က ကုန်သည်တွေက ကုန်လိုချင်လို့ အရောင်းအဝယ်လုပ်ဖို့ ကန့်လန့်ကာ သုံးထပ်ကိုကျော်ပြီး တွေ့ကြတယ်။ ကန့်လန့်ကာ တထပ်ကို ကျော်တိုင်း အသပြာတထောင် ပေးခဲ့ကြရတယ်။

နောက်ဆုံး ခန့်ငြားလှတဲ့ ကုန်သည်လို ဖြစ်နေတဲ့ သူ့ကို လှေပေါ်မှာ ကုန်အားလုံးအတွက် တန်ဖိုးပေးချေတဲ့အပြင် စရံသတ်ထားတဲ့သူ့ကို အသပြာတသိန်းပေးလို့ အရောင်းအဝယ် ဖြစ်ရတော့တယ်။

လှေသူကြီးလည်း ကုန်ဖိုး ငွေတန်ရာတန်ဖိုးလဲရ၊ လက်စွပ်နဲ့ စရံသတ်တဲ့သူလည်း အသပြာတသိန်း ရသွားတော့တာပေါ့။ ဒီလိုငွေကြေးရလို့ သူဟာ ဘဝမြင့်မသွားဘဲ သူတပါးကျေးဇူးကို သိသတဲ့။

ကြွက်သေတခု အရင်းပြုဖို့ ပြောကြားခဲ့တဲ့ စူဠသေဋ္ဌိထံကိုသွားပြီး အသပြာတသိန်း ကန်တော့လိုက်တယ်။ စူဠသေဋ္ဌိက

"မောင်မင်း ဘယ်လိုဖြစ်လို့ အခုလို အသပြာတွေ စုမိတာလဲ" လို့ မေးတော့

"သူဌေးပြတဲ့ ကြွက်သေကို အရင်းပြုရာက တဆင့်ပြီးတဆင့် အသပြာ ရှာဖွေခဲ့တာပါ" ဆိုပြီး ဆင်းရဲသားဟာ သူ့ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြလိုက်တော့

လေးလအတွင်း နှစ်သိန်းကြွယ်ဝလာတဲ့အကြောင်း ရှင်းပြတော့ သူဌေးကြီးက ထိုသူ့ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံကို သဘော ကျပြီး သမီးနဲ့ထိမ်းမြားလက်ထပ်ပေးလိုက်တော့ သူလည်း သူဌေးလေး ဖြစ်သွားရပြီပေါ့ကွယ်။ (စူလသေဋ္ဌိဇာတ်) phoomyatchal

Post a Comment

0 Comments