ခွေးသေပုပ်ကို ခြေထောက်နဲ့ မကန်ပါနဲ့

အမေ ကျနော့်ကို ပြောပြဖူးတဲ့ ခွေးသေပုတ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ စကားလေးပါ။ တခုခုဆို ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျနော့်မှာ ရှိခဲ့တယ်။

ကိုယ်မှန်တယ် ထင်ရင် ပြောဆို ရဲသလို မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျနော့် အကျင့်။ ကိုယ်မှန်လို့ ပြောပြီ ဆိုရင် ဘယ်သူ့ မျက်နှာမှ မကြည့်တတ် ခဲ့ဘူး။

အရိုင်းစိုင်း တယောက်လိုပဲ ဖြစ်ခဲ့ ဘူးတယ်။ မဟုတ်မခံတဲ့ အဲဒီစိတ်ကလေးကို မသိစိတ်က သဘောကျမိလေ ကျနော့်စိတ်က မောက်မာလာ လေပဲ။

"သွားမလုပ်နဲ့ သူကဆတ်ဆတ်ကြဲ စိတ်လည်း ကြီးတယ် မဟုတ်မခံ ပြန်ပြောတတ်တယ်" တဲ့။ သူတို့တွေ အပြောမှာ ကျနော့်ကိုယ်ကျနော် အဟုတ်ကြီး မှတ်ခဲ့တယ်။ မဟုတ်တဲ့ ကိစ္စတခုကို ရှင်းရမှ စိတ်ကျေနပ်တာက ကျနော့် အကျင့်ဆိုး ကြီးလို ဖြစ်နေခဲ့တာ။

တရက်မှာ အမေနဲ့ အပြင်သွားတော့ လမ်းဘေးအမှိုက်ပုံ တခုမှာ ခွေးသေပုပ်ကောင်ကြီး အနံ့တထောင်းထောင်းနဲ့ မြင်တွေ့ရတာ စိတ်ပျက်စရာပါ။

ကျနော် နှာခေါင်းရှုံ့၊ လက်နဲ့ ကာလို့ မျက်နှာမဲ့သွားတာ အမေမြင်တော့ အမေက ပြောတယ်။ "သား ခွေးသေပုတ်ကို ခြေထောက်နဲ့ ကန်ရဲလား" တဲ့။ "ကန်စရာလား အမေရယ်။ ဒီလောက် ပုပ်စော်နံ နေတဲ့ဟာကို" ဆိုတော့ အမေက ပြုံးတယ်။

"ဟုတ်တာပေါ့ သားရဲ့။ ကိုယ်မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ သူတပါး ပြောတဲ့စကား ကိုယ့်ကောင်းကျိုးပါရဲ့လား စဉ်းစား။ ကိုယ့်ကို မဟုတ်တာ ပြောတယ်၊ ကိုယ်က အဲဒီလူနဲ့ ဖက်ရန်ဖြစ်တော့ ဘာပြန်ရလဲ" တဲ့။

အမေ့ရဲ့ မေးခွန်းကြောင့် ကျနော် နှုတ်ဆိတ်နေ မိတယ်။ တဖက်လူက ဆဲတယ်၊ ရိုင်းတယ်။ ကိုယ့်လည်း ပါးစပ် ပါတယ်ပြန်ပြောလို့ ရတာပဲ။ ဒါပေမယ့် မတူဘူးတဲ့။ အရိုင်းအစိုင်းနဲ့ ဖက်ဖြစ်ရင် ကိုယ်လည်း သူနဲ့ အဆင့်တူတူပဲ ဖြစ်သွားရောတဲ့။

ဟုတ်ပါတယ်။ ကျနော် မေ့နေခဲ့တာ။ ကျနော့်ရှေ့မှာ မဟုတ်မခံ ပြောတဲ့ လူတချို့ကလည်း ကျနော့်နောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ။

ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး။ အဲဒီအတွက် ကိုယ်လည်း ဒေါသ မဖြစ်ရ၊ ဒေါသ မထွက်ရတော့ဘူး။ အနည်းဆုံးတော့ အမှားကင်းလာတယ်။ လျစ်လျူရှုတတ်တာ တခုက အကျင့် ဖြစ်လာတယ်။

လူကြီး လူငယ် ဖြစ်ဖြစ် သူရိုင်းရင် သူ့အကုသိုလ်နဲ့ သူသွားလိမ့်မယ်။ ဘာဆို ဘာမှ မပြောနေတော့ဘူး။ ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် အိပ်ရေးပျက်ပြီး နေစရာ နေရာ မရှိတော့သလိုပေါ့။

အဲဒီနောက်ပိုင်း ခွေးသေပုပ်ကိုလည်း ခြေထောက် အပေခံပြီး မကန်တော့သလို အရာအားလုံး လျစ်လျူရှု တတ်အောင် နေခဲ့တယ်။ Juu

Post a Comment

0 Comments