ခွေးအုပ်နှင့် သိုးအုပ်

တနေ့တွင် တောကစားထွက်လာတဲ့ ဘုရင်က ရွာအနီးမြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရသဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်းယှဉ် လိုက်လာသော ပညာရှိအမတ်ကြီးကို မေးလိုက်လေသည်။

"အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော်။ ခွေးတွေကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ"

"မှန်လှပါ၊ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေ ဘုရား"

"ကောင်းပြီလေ"

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်။ အခန်းတခန်းထဲတွင် အသားပုံကြီး တပုံကို ချထားပြီး ခွေးအကောင် ၂၀ ကို ထည့်ကာ သော့ပိတ် ထားလိုက်သည်။

အခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ်ထား လိုက်လေသည်။

နောက်တနေ့ မနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်။

ခွေးတွေ ထည့်ထားသည့် ပထမအခန်းကို ဖွင့်လိုက်သည်။ ဘုရင်ကြီးက အံ့အားသင့်သွားသည်။ ခွေးတွေအားလုံး အသက်ပျောက် နေသည်။ အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်။

ထို့နောက် ဘုရင်အား ခေါ်ပြီး နောက်တခန်းကို ဖွင့်ကြည့်ကြသည်။ သိုးတွေအားလုံး လှဲလျောင်းကာ အိပ်စက်နေကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။

ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် လျှောက်ထားလေသည်။ "ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစက်မျှ မစားရဘဲ ‌သေကုန်ကြရခြင်းမှာ တကောင်နှင့်တကောင် တိုက်ခိုက်ကာ တကိုယ်ကောင်း ဆန်ခြင်းကြောင့်ပါ ဘုရား။

သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား"

ခွေးများသည် အုပ်စုလိုက် ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာ ရှာကာ မာန်ဖီတတ်သည် အစားအစာနှင့် ကာမအတွက်ဆိုလျှင် ခွေးများသည် တကောင်နှင့်တကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ် ကြသည်။

ရှေးလူကြီးများက "ခွေးလို မနေနှင့် သိုးတွေလိုနေ" ဟု ဆုံးမကြခြင်းမှာ တကောင်နှင့်တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သော စိတ်ရှိသည့် လူ့ဘောင်အဖွဲ့အစည်း သည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။

ခွေးတွေလို "ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ" ဆိုပြီး လောဘတတ်ပြီး ကိုက်လျှင် ‌သေကြမည်။ အတ္တလောဘနဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန်နှင့် တူပေသည်။

သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်ကြမည်။ သူ့ဘက် ကိုယ့်ဘက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။ Tin_Nyunt

Post a Comment

0 Comments