တနေ့သောအခါ အမတ်ကြီးနဲ့ ဘုရင့်သားဟာ တိုင်းခန်း လှည့်လည်လာရင်းနဲ့ ချောင်းတခုနားကို ရောက်တော့ အဝတ်ပုံတခုကိုတွေ့သတဲ့။ အဲဒီအဝတ်ပုံမှာ အပေါ်ဝတ် အကျီတထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကို တွေ့ပါတယ်။
ဘုရင့်သားက စုတ်ပြတ်နေတဲ့ အဝတ်ပုံကို ကြည့်ပြီးတော့ "အမတ်ကြီး ကြည့်ပါ ဒီအဝတ်ပုံဟာ ဆင်းရဲသား တယောက်ရဲ့ အဝတ်ပုံ ဖြစ်ရမယ်။ အဝတ်တွေ ဒီနားမှာ ထားသွားတာကို ကြည့်ရတာ သူ ရေချိုးနေပုံ ရတယ်"
အမတ်ကြီးက ပြုံးနေတယ်။ ဘုရင့်သားကပဲ "အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အဝတ်တွေကို ဖွက်ထားပြီး ချုံပုတ်တခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။ သူတက်လာလို့ အဝတ်တွေ ပျောက်သွားတာကို မြင်ရရင် တော်တော်ရယ်စရာ ကောင်းတဲ့ရုပ် ဖြစ်နေမှာ" လို့ ပြောတယ်။
ထိုအခါ အမတ်ကြီးက မင်းသားအား "အရှင့်သား လူတဦးတယောက်ရဲ့ ဝမ်းနည်း ပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ် ဆိုတာ သူတော်ကောင်းတွေ မဟုတ်ပါဘူး။ တကယ်လို့ အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"
အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။ မင်းသားက အမတ်ကြီးအား နားမလည်သလို ကြည့်၏။အမတ်ကြီးက "အရှင့်သား ဒီရွှေ ၂ ပြားအား ထိုဆင်းရဲသားရဲ့ အဝတ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တဖက်တပြားစီ ထည့်လိုက်ပါ"
မင်းသားလည်း သွားထည့်လိုက်၏။ ထို့နောက် သူတို့နှစ်ဦး သစ်ပင်အကွယ်တွင် စောင့်ကြည့်နေ ကြသည်။ မကြာမီ ဆင်းရဲသားရေထဲမှ ပြန်တက်လာသည်။ အရင်ဆုံး ပုဆိုးကို ရေလဲပြီး ဝတ်လိုက်သည်။ ထို့နောက် အင်္ကျီကို ကောက်ဝတ်လိုက်သည်။
ပြီးနောက် အင်္ကျီအိတ်ထဲ တခုခု ရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည် သူအရမ်း ပျော်မြူးသွားသည်။ မယုံနိုင်သလို ထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။
ဆင်းရဲသားကား ပျော်ရွှင်မြူးတူး နေ၏။ ထို့နောက် ပြန်လှည့်အထွက်မှာ နောက်အိတ်ကပ်တခု လေးနေသည်ကို သတိထားမိ၏။ လက်နှိုက်ကြည့် ပြန်၏။
ရွှေပြားတပြား ထွက်လာပြန်၏။ ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ် ဒူးထောက် ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍
"အို အကျွန်ုပ်အား ဖေးမ ကူညီကျသော နတ်ဒေဝါအပေါင်းတို့၊ အကျွန်ုပ်အိမ်တွင် နေမကောင်း ဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။
စားစရာ မရှိသောကြောင့် အားအင် ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏။ သင်တို့အား အထူးကျေးဇူးတင်ပါ၏" ဟု ဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ ပြန်သွားလေသည်။
ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သား မျက်ရည်ကျ၏။ အမတ်ကြီးကား ပြုံးနေ၏။ မင်းသားက "အမတ်ကြီး ယနေ့ ကျနော့်အား မမေ့နိုင်တဲ့ သင်ခန်းစာ တခုကို သင်ပေးလိုက်ပြီ" ဟု ပြော၏။
အမတ်ကြီးက "အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့် ပျော်ရွှင်ခြင်းအစစ် မည်ပေသည်။ အရှင့်သားအဖို့ မှတ်သားထားပါလေ" Ko Saw Naing
0 Comments