ကောင်လေးနှင့် သစ်ပင်

တခါက ကလေးတယောက်ဟာ ပန်းသီးပင်အောက်မှာ သွားသွားဆော့ပါတယ်။ သစ်ပင်ပေါ် တက်လိုက်၊ လေတိုက်တိုင်း ကျတဲ့ သစ်ရွက်တွေ လိုက်ကောက်ရင်း ပန်းသီးပင်နဲ့ ဆော့ရတာ ပျော်ပါတယ်။ ပန်းသီးပင် ကလည်း ပျော်ပါတယ်။

ဒီလိုနဲ့ အသက် ၁၀ နှစ် အရွယ်ကို ရောက်တော့ သူမပျော်တော့ပါဘူး။ သစ်ပင်က ဘာလို့ မပျော်လဲ မမေးတော့ ကလေးက အရုပ်ကလေးတွေနဲ့ ဆော့ချင်တယ်လို့ ပြောပါတယ်။

ဒီတော့ သစ်ပင်ကြီးက သူ့ကိုယ်ပေါ်က ပန်းသီးများကို ခူးပြီး ရောင်းပါ။ ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပါလို့ လမ်းညွန်ပါတယ်။ ကလေးလေးဟာ အားရဝမ်းသာစွာနဲ့ပဲ အသီးတွေ ခူးပြီး ရောင်းပါတယ်။ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အရုပ်ဝယ်ပြီး သစ်ပင်ဆီကိုတောင် ပြန်မလာတော့ပါဘူး။

နောက် ၁၀ နှစ်ကျော်ကြာ အသက် ၂၀ ကျော်ကို ရောက်လာတော့ ကောင်လေးဟာ သစ်ပင်ဆီ တခေါက် ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း မှိုင်တွေတွေနဲ့ ထိုင်နေပြီး စိတ်ညစ်နေ ရှာပါတယ်။

သစ်ပင်က သူနဲ့ဆော့ဖို့ ခေါ်ပေမယ့် လူငယ်ဟာ ဆော့ရမယ့်အရွယ် မဟုတ်ကြောင်း ပြန်ပြောတော့ ဘာမှ မပြောတော့ပါဘူး။ သို့ပေမယ့် စိတ်ညစ်ရတဲ့ အကြောင်းကို မေးကြည့်တော့ "ကျွန်တော် အလုပ်မရှိဘူး။ အလုပ်လုပ်မှ လူတင့်တယ်မှာ" လို့ ဖြေပါတယ်။

ဒီတော့ သစ်ပင်က သူ့အကိုင်းအခက်များကို ပုံမှန် ချိုးခတ်လို့ ထင်းလုပ် ရောင်းဖို့ တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ သစ်ကိုင်း အခက်အလက်များကို ရောင်းလို့ ဝင်ငွေ အသင့်တင့် ရှိတဲ့ အလုပ်လေး တခု ဖြစ်လာပါတယ်။

ပြီးတော့ နှစ်အတော်ကြာ သူပြန်မလာတော့ပါဘူး။ သစ်ရောင်းရင်း အခြားအလုပ်တွေပါ အဆင်ပြေသွားပြီမို့ ဖြစ်တယ်လို့ ပန်းသီးပင်က သိနေပါတယ်။

ဒီလိုနဲ့ နောက် အနှစ် ၃၀ ကျော်လည်း ကြာတော့ အသက် ၅၀ ကျော် အရွယ် လူအိုတဦး ရောက်လာပါတယ်။ သစ်ပင်ကတော့ သူ့ကို မှတ်မိနေတုန်းပါပဲ။ အတူဆော့ဖို့တော့ မခေါ်တော့ပါဘူး။ ဘာလို့ငိုင်နေလဲ လို့သာ မေးလိုက် ပါတယ်။

"ကျွန်တော် အသက်ကြီးပြီး အေးအေးဆေးဆေး ခရီးတခု သွားချင်တယ်" လို့ ဖြေတော့ သစ်ပင်က သူ့အပင်ကို ခုတ်လို့ လှေတစင်း ဖန်တီးကာ မြစ်ခရီး သွားနိုင်ကြောင်း ပြောပါတယ်။ အဲဒါနဲ့ လူအိုဟာ သစ်ပင်ကို ခုတ်လို့ လှေလုပ်ပြီး ရေလမ်းခရီး နှင်ပါတယ်။

ခရီးက ပြန်ရောက်လာတော့ လူအိုလည်း ပင်ပန်းနေပါပြီ။ သစ်ပင်ရိပ်အောက်မှာ ပြန်လာလှဲနေ ပါတယ်။ သစ်ပင်က "ပန်းသီးတွေ မရှိတော့ဘူး။ အကိုင်းအခက်လည်း မရှိတော့ဘူး။ အမြစ်တခုပဲ ရှိတော့တယ်။ လိုအပ်ရင် မင်းနှုတ်ပြီး လိုအပ်တဲ့ နေရာမှာ အသုံးချနိုင်ပါတယ်" လို့ ဆိုတယ်။

ထိုအခါ လူအိုက "မလိုပါဘူးဗျာ။ ကျနော် ဒီအမြစ်ကို မှီပြီး တရေးလောက် အိပ်ပါရစေ" လို့ပဲ ပြောပြီး အိပ်ပျော်သွားပါတယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ပုံပြင်ထဲက ပန်းသီးပင်ဟာ လက်တွေ့ဘဝမှာ မိဘဖြစ်ပြီး အဖိုးအိုကတော့ သားသမီး ဖြစ်ပါတယ်။ မိဘအနေနဲ့ အရိပ်အောက်ကို ရောက်ရှိလာတဲ့ သားသမီးတွေကို အကောင်းဆုံး ပြုစုပျိုးထောင် ပေးပါတယ်။

တချို့ သော သားသမီးများကတော့ ကိုယ်ကျိုးအတွက် မိဘဆီမှ ရနိုင်သမျှ အသုံးချပြီး ဘာမှ ကြီးကြီးမားမား ပြန်လည် မပေးဆပ်သွားပါဘူး။

သို့ပေမယ့် သားသမီး အဆင်ပြေသွားတာကို ကြည့်ရင်းရတဲ့ ပီတိဟာ မိဘတွေအတွက် အကျေနပ်ဆုံး အရာတခု ဖြစ်ရပါတယ်။ မိဘများကလည်း ပေးနိုင်သမျှ အဆုံးဆုံးထိ ပေးနိုင်တဲ့ အချိန်အထိ ပေးဆပ်ပါတယ်။

မိဘကျေးဇူး ဆပ်ဖို့ မေ့နေတဲ့ သားသမီးများ ဖြစ်နေသည့်တိုင် မိဘရင်ခွင်မှာ တရေးအိပ်ဖို့ ပြန်ရောက်လာတဲ့ သားသမီးတိုင်းကို မိဘများကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။ မိဘတွေ မရှိတော့မှ နောင်တ မရဖို့နဲ့ မိဘ နှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ် ကျေးဇူးဆပ်နိုင်ကြဖို့ ဒီပုံပြင်လေးက ရည်ရွယ်ပါတယ်။ Crd

Post a Comment

0 Comments