သူဌေးတွေဆီက ခိုးပါ

တခါက ချမ်းသာတဲ့ သူဌေးတယောက် ရှိတယ်။ သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ လည်ပတ်လျက် ရှိတယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့ဝန်ထမ်းတွေက အရမ်း အလုပ်လုပ်တယ်ဗျ။

ဘာဖြစ်လို့လဲဆိုတော့ သူက သူဌေးတယောက်လို မနေဘူး။ ခေါင်းဆောင်တယောက်လိုဘဲ အလုပ် လုပ်နေတာကြောင့် ဖြစ်တယ်။ သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တခု ပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။

နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။ အကုန်လုံး ဆန်းစစ်ခဲ့တယ်။ ဒါပေမယ့် တချို့ဝန်ထမ်းတွေက သူတို့ကို ဖိအားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်း ရှိတယ်။ တချို့က မလုပ်နိုင်ဘူး ဆိုပြီး ထွက်သွားကြတယ်။

သူဌေးကတော့ ဝန်ထမ်းသာ ပြောင်းနေကြတာ သူ့စည်းကမ်းကိုတော့ မပြောင်းခဲ့ဘူး။ ဝန်ထမ်းထဲမှာ မောင်မောင်ဆိုတဲ့ ဝန်ထမ်းတဦးကတော့ နှစ်အတော်ကြာကြာ လုပ်ကိုင်နေခဲ့တယ်။

သူဟာ သူဌေးရဲ့ ဖိအားကိုလည်း ခံခဲ့ရတယ်။ ဦးဆောင်မှု နောက်ကိုလည်း လိုက်ခဲ့ရတယ်။ သူဌေးက သူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်း ခံရတယ်။ အဆဲလည်း အများဆုံး ခံခဲ့ရတဲ့ လူတယောက်ပေါ့။

တနေ့တော့ မောင်မောင်က သူစဉ်းစားမိလာတာ တခုက "ငါ ဒီအလုပ်ကို ဆက်လုပ်နေရင် ငါ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အနာဂတ် တိုးတက်မှုအတွက် နှောင်းနှေးသွားစေ နိုင်တယ်။

မနက်မိုးလင်းတာနဲ့ သူဌေးအတွက် အလုပ်လုပ်ပေးရတယ်။ ညနေမိုးချုပ်တာနဲ့ အိမ်ကိုပြန်တယ်။ ငါ့ရဲ့ အရေးကြီးဆုံး အချိန် အစိတ်အပိုင်းဟာ သူဌေးကို ရောင်းစားနေရသလို ဖြစ်နေတယ်။ မဖြစ်သေးဘူး ကိုယ်ပိုင်စီးပွားရေး တခု စလုပ်မှ ရတော့မယ်" ဆိုပြီး စဉ်းစားမိ လာတယ်။

မောင်မောင်က နောက်ထပ် နှစ်အနည်းငယ် အကြာမှာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါကို သူ့သူဌေးနဲ့ သူ့ရဲ့ မိဘက အားမပေးခဲ့ဘူး။ မောင်မောင်ကတော့ လက်မခံဘူး။ အကုန်ငြင်းပြီး ကိုယ်ပိုင်စီးပွားရေး တခုကို အာရုံစိုက်လာခဲ့တယ်။

နောက် ၅ နှစ် အကြာမှာ မောင်မောင်ရဲ့ စီးပွားရေးဟာ အလွန်တိုးတက်နေပြီ ဖြစ်တယ်။ ထိုအချိန်မှာ အရင် သူ့သူဌေးက သူနဲ့ အလုပ်တွဲလုပ်ဖို့ meeting ခေါ်ခဲ့တယ်။ meeting ရောက်ရောက်ချင်း ပထမဆုံးမှာ သူ့သူဌေးက သူ့ကို မေးခွန်းတခု မေးလိုက်တယ်။

"မောင်မောင် မင်းဘာဖြစ်လို့ ဒီလောက်ထိ အောင်မြင်တာလဲ။ ငါ့ရဲ့ကုမ္ပဏီကနေ ထွက်သွားတဲ့ လူတော်တော် များများဟာ အခုချိန်ထိ ဝန်ထမ်းဘဝကနေ မလွတ်နိုင်ကြသေးဘူး။ မင်းဘာဖြစ်လို့ ထူးထူး ဆန်းဆန်း အောင်မြင်နေတာလဲ"

မောင်မောင်က သူဌေးကို ပြုံးပြီး ဖြေလိုက်တယ်။ "ကျနော် သူဌေးဆီက အဖိုးတန်တဲ့ အရာတွေကို နေ့စဉ်နေ့တိုင်း ခိုးယူနေလို့ပါ" ဆိုပြီး ပြန်ဖြေလိုက်တယ်။ ထိုအချိန်မှာ သူဌေးက "ငါ့ရဲ့ ရွှေငွေတွေ မင်းခိုးတာလား" လို့ စိတ်ဆိုး မာန်ဆိုးနဲ့ အော်မယ်၊ ငေါက်မယ် လုပ်တုန်း

"သူဌေးဆီက ရွှေငွေတွေ ခိုးသွားတာ မဟုတ်ဘူး။ ရွှေငွေထက် အဖိုးတန်တဲ့ အရာတွေကို ခိုးယူခဲ့တာပါ။ အဲဒါ ဘာလဲဆိုတော့ သူဌေးရဲ့ လုပ်ငန်းအပေါ် သဘောထားမှု၊ ခေါင်းဆောင်မှု၊ အတွေ့အကြုံ အားလုံးကို အချိန်ရှိရင် ရှိသလို ခိုးယူခဲ့တာပါ"

လို့ မောင်မောင်က အေးအေး ဆေးဆေးလေးနဲ့ ပြန်ဖြေခဲ့တယ်။ ထိုအချိန်မှာ သူဌေးက အရမ်းသဘောကျပြီး မောင်မောင်နဲ့ အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်လိုက် ပါတော့တယ်။

ဒီနေရာမှာ လူငယ်တွေကို ပြောချင်တဲ့ အကြောင်းအရာလေးက အောင်မြင်ချင်ရင် အောင်မြင်တဲ့လူ လုပ်ဆောင်တဲ့အတိုင်း လိုက်ပြီး အတုခိုးပါ။ အောင်မြင်တဲ့လူ ပြောတဲ့ စကားကို ယုံကြည်ပါ။ ပြီးရင် လိုက်နာ ကျင့်သုံးပါ။ မအောင်မြင်တဲ့လူ ပြောတဲ့စကား၊ ပေးတဲ့ အကြံတွေကို ဂရုမစိုက်ပါနဲ့။

အခုလုပ်နေတဲ့ အလုပ်အပေါ် ကိုယ့်ထက် ရာထူးကြီးတဲ့လူ ပေးတဲ့အကြံ၊ သူဌေးတွေက အလုပ်ကို ဘယ်လိုလုပ်နေသလဲ ဆိုတာကို လေ့လာပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပုံသွင်းပါလို့ အကြံပေးချင်ပါတယ်။ Crd

Post a Comment

0 Comments