သူဌေးကြီးနှင့် မိန်းမလေးယောက်

တခါတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတဦး ရှိတယ်။ ပြီးတော့ သူ့က မိန်းမလေးယောက် ယူထားတယ်။ လေးယောက်လုံးကလည်း တအိမ်ထဲနေပြီးတော့ တယောက်နဲ့ တယောက်ကလဲ ချစ်ခင်ကြတယ်။

၄ ယောက်မြောက် မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့ဒီမိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုးမဖြစ်ရအောင် အချိန်ပေးပြိးတော့ ဂရုစိုက်တယ်။ သူက ဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှပြန်မလုပ်ပေးဘူး။

၃ ယောက်မြောက် မိန်းမကိုလည်း တော်တော်ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေ ပေးထားတယ်။ အလုပ်တွေ ကြိုးစားတယ်။

အဲဒီမိန်းမက သူ့အတွက် စီးပွားရေးလည်း တဖက်တလမ်း လုပ်ပေးသေးတယ်။ သူဌေးကြီးကတော့ အဲဒီမိန်းမက တခြား တယောက်နဲ့ ပါသွားမှာကို အရမ်းစိုးရိမ်တယ်။

၂ ယောက်မြောက် မိန်းမကိုလည်း အလွန်ချစ်တယ်။ သူက အတွေးအခေါ် ကောင်းတယ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတယ်။တခါတလေ သူဌေးကြီး စိတ်ဓါတ် ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူ ဖြစ်တယ်။

ပထမမိန်းမကိုတော့ သူ သိပ်ကြည့်မရဘူး။ သူနဲ့အတူတူ သွားလာနေတာက လွဲလို့ သူ့ကို ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ထင်တယ်။ သူ့မိန်းမကတော့ သူ့ကို အရမ်းချစ်တယ်။ ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။

ဒီလိုနဲ့ တနေ့မှာတော့ သူဌေးကြီးမှာ ရောဂါတခု ရပါလေရော။ ဆရာဝန်ကလည်း မကြာခင်သေတော့မယ်လို့ ပြောလိုက်တယ်။သူဌေးကြီး အိပ်ရာပေါ် လဲပြီ။ သူ့မိန်းမလေးယောက်က သူ့ကို ဝိုင်းပြုစုကြတယ်။

အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။ "ငါသေရင် တမလွန်မှာ တယောက်ထဲ အဖော်မဲ့နေမယ် ရှင်မရေ။ မင်းငါနဲ့ တမလွန်ကို လိုက်ခဲ့မလား" လို့ မေးလိုက်တယ်။ သူ့မိန်းမက သူ့နားက ထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။

အဲဒါနဲ့ သုံးယောက်မြောက် မိန်းမကို မေးပြန်တယ်။ "မရဘူး ငါ့ဘဝက ဒီအချိန်မှာ ပျော်စရာကောင်းနေပြီ။ ရှင်သေရင် ကျမက နောက်တယောက်ဆီ လိုက်သွားမှာပဲ" လို့ ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။

ဒုတိယမိန်းမကို မေးပြန်တယ်။ "စိတ်မကောင်းပါဘူး။ ငါနင်နဲ့အတူ လိုက်မသေနိုင်ဘူး။ ငါနင့်ကိုတော့ အုတ်ဂူအထိ လိုက်ပို့ပါ့မယ်" လို့ ပြန်ဖြေတယ်။ သူဌေးကြီး လုံးဝ စိတ်ထိခိုက်သွားတယ်။

ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။ ပထမမိန်းမကတော့ "ကောင်းပြီ ကျမလိုက်ခဲ့မယ်" လို့ ဖြေလိုက်တယ်။ သူဌေးကြီးလည်း ပထမမိန်းမကို ဝမ်းသာအားရပွေ့ဖက်လိုက်တယ်။

ဒီအကြောင်းအရာထဲမှာ လေးယောက်မြောက်မိန်းမဆိုတာ ခန္ဓာကိုယ် ဖြစ်ပြီး ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊ မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင် ကိုယ်နဲ့အတူ လိုက်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုတယ်။

တတိယမိန်းမကတော့ စီးပွားဥစ္စာကို ရည်ညွန်းပါတယ်။ ဘယ်လောက်ရှာခဲ့ရှာခဲ့ ကိုယ်သေရင် ကိုယ့်သားသမီး၊ အခြားလူတွေဆီ ပါသွားမှာဖြစ်ပြီး ကျနော်တို့နဲ့ အတူလိုက်ပါမှာ မဟုတ်ပါဘူး။

ဒုတိယမိန်းမကတော့ မိသားစုတွေနဲ့ သူငယ်ချင်းတွေပါပဲ။ သူတို့က အရာအားလုံးမှာ ကူညီပေမယ့် ကျနော်တို့ သေတဲ့အခါ လိုက်ပဲ ပို့နိုင်မယ် သူတို့ကတော့ လိုက်နိုင်မှာ မဟုတ်ပါဘူး။

ပထမမိန်းမကတော့ ကျနော်တို့ရဲ့ ဝိညာဉ် တနည်းအားဖြင့် ပြောရရင် နာမ်ပါပဲ။ သူ့ကို သတိမထားမိပေမယ့် သူကတော့ ကျနော်တို့နဲ့ အတူတူ သံသရာတလျှောက်လုံး လိုက်ပါလာမှာ ဖြစ်ပါတယ်။ မောင်စိုင်း

Post a Comment

0 Comments