ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်စိုးစဉ် အချိန်ကပေါ့။ ဘုရားအလောင်းဟာ ခိုငှက်ဘဝကိုရောက်ရှိပြီး ဗာရာဏသီ သူဌေးအိမ်ရဲ့ မီးဖိုဆောင်မှာ နားနေသတဲ့။
စားတော်ချက်က မီးဖိုဆောင်မှ တောင်းတလုံး ချိတ်ဆွဲပြီး ဘုရားလောင်းခို လာရောက်နေနိုင်ရန် လုပ်ပေးထားသတဲ့ကွယ်။ ဘုရားလောင်းခိုဟာ နေ့စဉ်မှာ မိမိဘာသာ ဘဝအရ ပြင်ပမှ အစာရှာဖွေ စားသောက်ပြီး နားနေချိန်မှ မီးဖိုဆောင်က တောင်းထဲမှာ လာနားတာပေါ့။
တနေ့တော့ ကျီးတကောင်ဟာ မီးဖိုဆောင်ပေါ်က ဖြတ်သွားတဲ့အခိုက် ချက်ပြုတ်ထားတဲ့ အမဲဟင်းလျာတွေရဲ့ အနံ့ကို ရှူရှိုက်မိသတဲ့။
"အလို စားသောက်ဖွယ် အနံ့တွေက တပ်မက်စရာပါလား။ ဒီနားမှာ အနံ့ရှူနေရာတာနဲ့တင် အရသာ တွေ့နေပြီ" လို့ ကျီးက မီးဖိုဆောင်က အနံ့ကို ခုံမင်ပြီး မီးဖိုဆောင်နားမှာ နေဖို့ ဘုရားလောင်း ခိုနားကို ကပ်ပြီး မိတ်ဆွေဖွဲ့တယ်။ ဘုရားလောင်းနေတဲ့ နေရာမှာ လိုက်နေသတဲ့။
နောက်တနေ့ကျတော့ ဘုရားလောင်းခိုမင်းရဲ့ အနားမှာနေတဲ့ ကျီးငှက်အတွက် စားတော်ချက်က တောင်းတလုံး ချိတ်ဆွဲပေးသတဲ့။ တောင်းထဲမှာနေတဲ့ ကျီးဟာ မီးဖိုချောင်မှာ ချိတ်ဆွဲထားတဲ့ အမဲ၊ သား၊ ငါးတွေကို မြင်ပြီး ညဖက်မှာတောင် အိပ်မပျော်ဘူးတဲ့။ အစားအစာတွေကို ငေးလို့ပေါ့။
နံနက်မိုးလင်းတော့ ခိုက ပြင်ပမှာ အစာရှာထွက်ဖို့ ပြောတော့ ကျီးက မလိုက်ဘူးတဲ့။ မီးဖိုနားက တောင်းထဲမှာပဲ ကျန်ရစ်ခဲ့သတဲ့။
"အသင်ကျီး လူတွေရဲ့ ချက်ပြုတ်နေတဲ့ အစာကို မက်မောမနေပါနဲ့။ ကျုပ်တို့ စားသုံးဖို့ မမျှော်လင့်ပါနဲ့။ ပြင်ပမှာသာ ကျုပ်တို့ အစာရှာ သွားကြရအောင်"
ဘုရားလောင်းခိုက အတူလိုက်ပါရန် ခေါ်ပေမယ့် ကျီးကတော့ အကြောင်းအမျိုးမျိုးပြပြီး မီးဖိုဆောင်များမှာ ကျန်ခဲ့တယ်။ ဘုရားလောင်းခိုသာ အစာရှာဖို့ ပြင်ပကို ထွက်သွားသတဲ့ကွယ်။ စားတော်ချက်က မီးဖိုထဲမှာ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီး မီးဖိုပြင်ပကို ထွက်ပြီး ချွေးတိတ်အောင် နားနေသတဲ့။
မီးဖိုထဲကဟင်းအိုကတော့ အနံ့မွှေးတွေ ထွက်ပြီး အငွေ့ပျံနေတော့တာပေါ့။ ကျီးကန်းဟာ အနံ့ရလို့ မီးဖိုထဲကို ဝင်လာပြီး အနံ့ကို ဝမ်းသာအားရ သူ့သဘာဝအရ အသံပေးလိုက်သတဲ့။
စားတော်ချက်က မီးဖိုထဲကို ပြန်ဝင်လာတော့ ဟင်းချက်တဲ့ အနားအထိ ရောက်လာတဲ့ ကျီးကို ပြတင်းတံခါးပိတ်ပြီး မိအောင် ဖမ်းလိုက်တော့တာပေါ့။
ကျီးကိုရတဲ့ စားတော်ချက်ဟာ အမွှေးအတောင်တွေကို နှုတ်ပြီး ချင်းစိမ်း၊ ဆား၊ နနွင်း စသည်တို့နဲ့ နယ်ပြီး ကိုယ်လုံးကို ပွတ်သပ်ထားလိုက်တယ်။ ပြီးတော့ တောင်းထဲကို ပစ်ထည့်ထားတဲ့အခါ အရသာကို မက်မောတဲ့ ကျီးဟာ မကြာမီမှာ သေဆုံးသွားသတဲ့။
ညနေစောင်းတော့ ဘုရားလောင်းခိုဟာ မီးဖိုဆောင်ကို ပြန်ရောက်လာသတဲ့။ နနွင်းတွေ လူးလို့ အသက်မဲ့နေတဲ့ ကျီးကို မြင်လိုက်ရတာပေါ့။ "သင်သည် ငါ့စကားကို မနာယူဘဲ လောဘဇောကပ်ပြီး ရသာတဏှာကြောင့် သေပွဲဝင်ခဲ့ရပြီ"
ဘုရားလောင်းခိုဟာ ပျက်စီးသေဆုံးသွားတဲ့ ကျီးကိုတွေ့ရပြီး "သည်အရပ်မှာ နေထိုင်ရန် မသင့်" လို့ ဆုံးဖြတ်ပြီး အန္တရာယ်ကင်းရာ အဝေးသို့ ပျံသန်းပြောင်းရွှေ့သွားသတဲ့ကွယ်။
အမှန်တော့ မိမိနဲ့ သင့်လျော်ရာအရပ်မှာ နေကြရမှာလေ။ ရသတဏှာကို မသိမ်းဆည်းနိုင်ရင် ဘေးသင့်တတ်တယ် ဆိုတာကို ကျီးက သာဓက လက်တွေ့ပြသွားတာပေါ့။
ဘုရားလောင်းကတော့ သင့်လျော်ရာ ဘေးကင်းတဲ့ အန္တရာယ်ကင်းတဲ့ နေရာကို ပြောင်းရွှေ့သွားတာပေါ့။ ရသတဏှာကို မစွဲလန်းဘဲ ရှောင်လွှဲခဲ့ပြီလေ။ phoomyatchal
0 Comments