တခါက အလုပ်ရှင်တယောက်ဟာ လူငယ်အလုပ်သမားတဦး အလိုရှိကြောင်း ကြော်ငြာသည့်အခါ ယောက်ျားလေး ၃၀ ခန့် အလုပ် လျှောက်ကြသည်။
သူက ဘောလုံးတလုံးနှင့် ဘောလုံးပေါက်ရန် စက်ကွင်းတခု စီစဉ်ထားပြီး အလုပ်လျှောက်သူ အားလုံး တယောက်လျှင် ခုနှစ်ချက်စီ ပစ်ပေါက်စေသည်။
စက်ကွင်းအလယ်ဗဟိုကို အများဆုံး ထိမှန်သူအား ရွေးချယ်ရန် ရည်ရွယ်ထားရာ မည်သူတဦးတယောက်မျှပင် တချက်တလေမှ မထိမှန်သည့်အခါ သူ ရွေးချယ်၍မရ ဖြစ်သွားသည်။
"ကဲ မနက်ဖြန် ပြန်လာပြီး ပေါက်ကြဦးပေါ့ကွာ" ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။ နောက်နေ့တွင် သည်လူစုထဲမှ ခပ်ငယ်ငယ် ကောင်လေးတယောက်သာ ပြန်ရောက်လာသည်။
သူ့အား ပထမနေ့ကအတိုင်း ဘောလုံး ပေါက်ခိုင်းသည့် အခါ၌ စက်ကွင်းအလယ်ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။ "ဟ တယ်ဟုတ်ပါလားကွ ဘယ်လို ဖြစ်သွားတာလဲ" လို့ အလုပ်ရှင်က အံ့သြစွာ မေးသည်။
"ကျနော်က အမေ့ကို မဖြစ်မနေ ကူညီရမှာဆိုတော့ ဒီအလုပ်ကို သိပ်လိုချင်ပါတယ်။ ဒါ့ကြောင့် ညက ကျနော် အိမ်ဘေး အဖီထဲမှာ တညလုံး ဘောလုံးပေါက် လေ့ကျင့်ပါတယ်"
ကောင်လေးအကြောင်း ဒီလောက်ဆို လုံလောက်ပါပြီ။ ဒီလို စိတ်ဓာတ်မျိုး ရှိသည့် လူငယ်တယောက်သည် အလုပ်မရမှာ ပူစရာ မလို။ ရာထူးမတိုးမှာလည်း စိုးရိမ်စရာ မရှိ။
ဒီစိတ်ဓါတ်ကိုသာ ဆက်လက် မွေးမြူထားမည်ဆိုက မုဆိုးမမိခင်နှင့် ကြီးပြင်းခဲ့ရသည် ဖြစ်စေ ကျောင်းပညာ အခြေခံ နည်းပါးခဲ့သည် ဖြစ်စေ ညှိုးငယ်တိမ်မြုပ်နေစရာ အကြောင်းမရှိ။
တပန်းရှုံးသော မူလအနေ အထားမှ ရုန်းထွက်ကာ တနေ့သောအခါ၌ သူတပါး အံ့သြရလောက်အောင် ထူခြားအောင်မြင်သူများ ဖြစ်လာကြမှာ မုချဖြစ်သည်။
မှန်သည်။ လူတယောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသည့် အရာက "ကိုယ်ဘာအလို ရှိသလဲ၊ ဘာဖြစ်ချင်သလဲ၊ အဲဒီအတွက် ဘာလုပ်ရမလဲ၊ ဘယ်လိုအရည်အချင်းတွေ ရှိဖို့ လိုအပ်သလဲ" ဆိုတာ ရှင်းလင်းပြတ်သားစွာ သိဖို့နဲ့ လိုအပ်သမျှကို ဖြည့်ဆည်းမည် ဆိုသော စိတ်၊ ဇွဲ ရှိဖို့ပဲ ဖြစ်သည်။ PhayMyint
0 Comments