အယုံလွယ်သော ပုဏ္ဏားကြီး

တခါတုန်းက တောအုပ်ကြီးတခုမှာ ယဇ်ပူဇော်မှုရှိတဲ့ ပုဏ္ဏားကြီး တယောက် ရှိခဲ့ဖူးတယ်။ တနေ့တော့ အဲ့ဒီ ပုဏ္ဏားကြီးဟာ ယဇ်ပူဇော်ဖို့အတွက် အခြားတရွာကို ဆိတ်အဝယ် ထွက်ခဲ့တယ်။ ဆိတ်ကြီးကိုလည်း ဝယ်ပြီးရော သူဟာ ပုခုံးပေါ်တင်ပြီး သူနေတဲ့ တောအုပ်ကြီးဆီကို ပြန်လာခဲ့တယ်။

သူပြန်လာတဲ့ လမ်းမှာပဲ သူ့ကို အရက်သမား သုံးယောက်က မြင်သွားတယ်။ "ငါတို့တတွေ ဒီပုဏ္ဏားကြီးရဲ့ ဆိတ်ကို စားရရင် သိပ်ကောင်းမှာပဲ။

အဲ့ဒီလို စားလို့ရရင် တို့တတွေရဲ့ အသိဉာဏ်တွေ အထွတ်အထိတ်ကို ရောက်ကြမှာပဲ" ဆိုပြီး သုံးယောက်သား ဆိတ်သား စားရဖို့အတွက် အချင်းချင်း ခေါင်းခြင်းရိုက်ပြီး တိုင်ပင် ဆွေးနွေးကြသတဲ့။

ဆွေးနွေးပြီးတာနဲ့ တပြိုင်နက် သူတို့ဟာ တယောက်နဲ့ တယောက်ကို အတောင်နှစ်ဆယ် အကွာအဝေးဆီ သွားပြီး ပုဏ္ဏားကြီး လာမယ့် လမ်းမှာရှိတဲ့ သစ်ပင်ကြီး သုံးပင်အောက်မှာ တယောက် တပင်စီ ခွဲတမ်းချပြီး စောင့်ဆိုင်းနေ ကြတယ်။

ပုဏ္ဏားကြီးလည်း အနားရောက်လာရော ပထမဦးဆုံး အရက်သမားတယောက်က ရှေ့ကနေ ဆီးကြို၍ "အို ပုဏ္ဏားကြီး၊ အဘယ့်ကြောင့် သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းပိုး လာအပ်ပါသနည်း" ဟု လှမ်းပြီး ပြောဆိုလိုက်တယ်။

ဆိုလိုတာကတော့ ပုဏ္ဏားကြီးရာ ခင်များမို့ အပင်ပန်းခံပြီး ခွေးသေကြီးကိုများ ထမ်းယူလာရတယ်လို့။ လေးပါတယ်ဗျာ ချခဲ့လိုက်ပါလို့ ဆိုလိုတာပေါ့။

ဒီတော့ ပုဏ္ဏားကြီးကလည်း အရက်သမားကို "အို အမောင်လုလင်၊ ဤဟာသည် ခွေးမဟုတ်ပါ။ ဤဟာသည် ယဇ်ပူဇော်ရန်အတွက် ဝယ်လာသော ဆိတ်ဖြစ်ပါ၏" ဟု ပြန်ပြောသတဲ့။

ဒီလိုပြန်ပြောပြီး သူဟာ ဆိတ်ကို တချက်ကြည့်ပြီး ရှေ့ဆက်သွားတယ်။ နောက်ထပ် အတောင်နှစ်ဆယ် ရောက်တော့ ဒုတိယ အရက်သမားတယောက်နဲ့ ထပ်တွေ့တယ်။

ဒီတယောက်ကလည်း ပထမတယောက်လိုပဲ ရှေ့ကနေပြီး "ဗျို့ ပုဏ္ဏားကြီး၊ ခင်ဗျားဗျာ အမောခံပြီး ခွေးသေကြီးကိုများ ပုခုံးပေါ်တင်ပြီး ထမ်းလာရတယ်လို့ ခင်ဗျား မရှက်ဘူးလား" ဆိုပြီး လှမ်းပြောလိုက်တော့ ပုဏ္ဏားကြီး တွေဝေသွားတယ်။

ပထမတယောက်ကလည်း ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ ပြောတယ်။ အခု ဒီတယောက်ကလည်း ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ ပြောတယ်။ အင်း မဟုတ်သေးပါဘူး ဆိုပြီး သူထမ်းလာတဲ့ ဆိတ်ကြီးကို မြေပြင်ပေါ် ပစ်ချပြီး သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြည့်တယ်။

သူတို့ပြောတာ ဟုတ်များ ဟုတ်နေသလား ဆိုတဲ့ သံသယ အတွေးတွေနဲ့ ဆိတ်ကြီးကို ပုခုံးပေါ်ထမ်းပြီး ရှေ့ဆက်သွားပြန်တယ်။နောက် အတောင်နှစ်ဆယ် ရောက်တော့ နောက်ဆုံး တတိယ အရက်သမားတယောက်နဲ့ ထပ်တွေ့ပြန်တယ်။

သူကလည်း အတူတူပဲ ဆိုတော့ ရှေ့က အရက်သမားနှစ်ယောက် ပြောသလို "အို ပုဏ္ဏားကြီး၊ အဘယ့်ကြောင့် သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းဆောင်သွားပါသနည်း" ဟု လှမ်းပြီးပြောလိုက်တယ်။

ထိုစကားကို ပုဏ္ဏားကြီးက ကြားပြီး "ဤအရာသည် ခွေးဖြစ်၏" ဟူ၍ ဆုံးဖြတ်ချက်ချပြီး ယဇ်မူးတွေဝေစွာနဲ့ ဆိတ်ကြီးကို မြေပြင်ပေါ် ပစ်ချထားခဲ့ပါတော့တယ်။ သူကတော့ အနီးအနားက ရေအိုင်တခုမှာ ရေချိုးပြီး သူနေတဲ့ တောအုပ်ကြီးဆီကို ပြန်သွားတယ်။

အရက်သမား သုံးယောက်ဟာ သူတို့လိုချင်တဲ့ ဆိတ်ကြီး ရပြီဆိုတော့ သုံးယောက်သား ထမ်းပိုးပြီး ပျော်ရွှင်စွာနဲ့ အိမ်သို့ပြန်သွားကြသတဲ့။

ဒီပုံပြင်လေးကို ဖတ်ပြီး ပုဏ္ဏားကြီးလို ပြောသမျှကို အယုံမလွယ်ကြဘဲ ပညာကို ရှေးရှု၊ ယုံကြည်မှုကို လက်ကိုင်ထားပြီး မိမိတို့ရဲ့ ရည်မှန်းချက် ဘဝပန်းတိုင်ကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ။ crd

Post a Comment

0 Comments