တခါက သင်္ဘောတစင်းဟာ မုန်တိုင်းဒဏ်ကြောင့် ပင်လယ်ထဲမှာ နစ်မြုပ်သွားတယ်။ သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်တဦးဟာ အသက်ကယ်ဘောကွင်း တခုကို ဖက်တွယ်ကာ ပင်လယ်ရေစီးထဲသို့ မျောပါသွားပါတယ်။
သုံးလေးရက် အကြာမှာ လူသူမရှိတဲ့ ကျွန်းတကျွန်းပေါ်သို့ ရောက်သွားခဲ့တယ်။ ကျွန်းပေါ်မှာ အစာရေစာ ပေါများလို့ အစားအသောက်အတွက် ပူစရာမလိုဘူး။
နောက်ပိုင်းမှာ သူဟာ တဲလေးတလုံး ထိုးပြီး နေလိုက်တယ်။ ရက်အတော်ကြာလာတာနဲ့ အမျှ သူဟာ သူ့နေရပ်သို့ ပြန်ချင်လာတယ်။ ဒါမေမယ့် ကျွန်းအနားကို လာတဲ့ သင်္ဘောတစီးမှ မတွေ့ရလို့ သူဟာ စိတ်ပျက်နေမိတယ်။
ဒါပေမယ်လို့ အားမလျှော့ဘဲ သူ့ကို လာကယ်တင်ပေးဖို့အတွက် ဆုတွေ တောင်းတယ်။ ရက်တွေသာ အတော်ကို ကုန်ဆုံးသွားခဲ့တယ် ဒါပေမယ့် သူ့ရဲ့ ဆုတောင်းတွေဟာ မပြည့်ခဲ့ပါဘူး။
တနေ့မှာ သူဟာကျွန်းပေါ်က တောအုပ်ထဲကို သွားပြီး သူစားဖို့အတွက် သားကောင်တွေကို အမဲလိုက်ပါတယ်။ ညနေစောင်းလို့ သူနေတဲ့ တဲဆီ ပြန်ရောက်တော့ သူ့ရဲ့ တဲလေးဟာ မီးခိုးတွေ တလူလူနဲ့ မီးလောင်နေတာကို တွေ့လိုက်ရပါတယ်။
သူညက မီးလှုံခဲ့တဲ့ မီးဖိုကို သေချာစွာ မငြိမ်းသတ်ခဲ့လို့ မီးစဟာ တဲကို ကူးစက်သွားပြီး တဲမီးလောင် သွားတာပါ။
တဲထဲမှာ သူစုဆောင်းထားခဲ့တဲ့ ရေနဲ့စားစရာ ထင်းအဝတ်အစား တခြားသော အသုံးအဆောင် ပစ္စည်းတွေဟာ မီးထဲကို အကုန်ပါသွားပြီး သူမှာ ရှိသမျှအားလုံး ဆုံးရှုံးသွားပါတယ်။ အဝတ်တထည်နဲ့ ကိုယ်တခုသာ ကျန်ပါတော့တယ်။
သူဟာ သဲသောင်ပြင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီး ခုလို အော်ဟစ်လိုက်တယ်။
"အရှင်ဘုရား တပည့်တော်ကိုကယ်တင်ဖို့အတွက် အရှင်ဘုရားကို အားကိုးတကြီးနဲ့ နေ့စဉ်ရက်ဆက် ဆုတွေ တောင်းပေမယ့်လို့ အရှင်ဘုရားဟာ တပည့်တော်ကို ကယ်မယ့်သူ မပို့ဘဲနဲ့ တကယ်ကို ရက်စက်လွန်းပါတယ်။
တပည့်တော် ပိုင်ဆိုင်ထားတဲ့ ပစ္စည်း နည်းနည်းလေးကိုတောင် အရှင်ဘုရားက ဖျက်ဆီးပစ်လိုက်တယ်။ ဘာကြောင့် အခုလို့မျိုး လုပ်လိုက်ရတာလဲ အရှင်ဘုရား"
ညရောက်တော့ သူလည်း ပင်ပန်းလွန်းလို့ သဲသောင်ပြင်ပေါ်မှာ အိပ်မောကျသွားတယ်။ မနက်စောစော မိုးအလင်းမှာ သင်္ဘော တစီးခုတ်မောင်းသံကို သူကြားလို့ အိပ်ပျော်ရာကနေ ထကြည့်မိတယ်။
သင်္ဘောတစင်းဟာ ကျွန်းရှိရာသို့ တန်းတန်းမတ်မတ် ခုတ်မောင်းလာနေတာကို သူတွေ့လိုက်ရတယ်။ ကျွန်းရောက်ခါနီးမှာပဲ သင်္ဘောဟာ ရပ်သွားတယ်။ သင်္ဘောပေါ်က သင်္ဘောသား အချို့ဟာ အသက်ကယ် လှေတစင်းနဲ့ သူ့ကိုလာခေါ်တယ်။
သူဟာ အသက်ကယ်လှေပေါ်ကို လိုက်ပါသွားရင်း လာကယ်တဲ့သူတွေကို မေးလိုက်တယ်။
"ခင်ဗျားတို့ ဒီကျွန်းပေါ်မှာ ကျနော်ရှိမှန်း ဘယ်လိုလုပ်သိတာလဲ"
"မနေ့က မင်းရဲ့ မီးတောက်ကြီးနဲ့ အချက်ပြတာကို တွေ့လိုက်ရလို့ပါ"
ဒါကြောင့် ဒုက္ခ သုက္ခတွေနဲ့ ကြုံတွေ့ရတိုင်း စိတ်အားတွေ မငယ်ပါနဲ့။ တခါတလေမှာ အဆိုးလို့ တွေးထင်ထားတဲ့ အရာတွေ က အကောင်းဆုံးတွေ ဖြစ်လာတတ်ပါတယ်။ ဗန်းမော်သိန်းဖေ
0 Comments