အဖက်မလုပ်ပါနဲ့

အသက်လေး ရလာတော့ ကိုယ့်ကို မလိုအပ်တဲ့ လူတွေတွေ့ရင် ဝမ်းမနည်းမိတော့ဘူး။ သူတို့ လိုအပ်တဲ့လူတွေ သူတို့နားမှာ မြဲနေပါစေပဲ ဆုတောင်းတယ်။

ကိုယ့်ကို မကြိုက်တဲ့လူတွေ တွေ့ရင်လည်း သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။ သူတို့ကြိုက်တဲ့ လူတွေနဲ့ သူတို့ ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။

ကိုယ့်ကိုမကောင်းပြောတာ ပြန်ကြားရင် အစကတော့ ဒေါသဖြစ်မိတယ်။ ဒါပေမယ့် လူတွေဆိုတာ ဘုရားကိုတောင် သတ်ဖို့ကြိုးစားခဲ့ကြ သေးတာပဲ။ ပြောရုံသာ ပြောပြီး ကိုယ့်ကို လာမသတ်တာကို ကြံဖန် ကျေးဇူးတင်လိုက်ပါ။

လူတွေအပေါ် သိပ်ဂရုစိုက်လွန်းတာကို လျှော့လိုက်ပါ၊ နေရတာ ပေါ့ပါးသွားမယ်။ သူတို့က ကိုယ့်တယောက်ထဲကို လိုက်ကြည့်နေတာ မဟုတ်သလို ကိုယ့်ကို မတွေ့လည်း နောက်လူတွေကို ဆက်ကြည့်နေမှာ ဖြစ်တယ်။ ကိုယ့်အကြောင်း ပြောစရာမတွေ့လည်း နောက်တယောက်အကြောင်းကို ထပ်ပြောနေမှာ ဖြစ်တယ်။

သူတို့ လိုအင်တွေ ပြည့်နေစဉ် သူတို့အကြိုက် လိုက်နေပေးစဉ် သင်က ကောင်းနေမှာ ဖြစ်ပြီး၊ သူတို့စိတ်ထဲ မတွေ့တော့ရင် သူတို့စိတ်ကြိုက် နေမပေးရင် သင်ဟာ သူတို့ရန်သူ ဖြစ်သွားမှာပါ။

သူတို့ ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက် သူတို့အမြင်မှာ သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက် သူတို့အတွေးမှာ သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက် အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ တနေ့တမျိုး မရိုးရအောင် သင်က ကပြနေရတာပါ။

တကယ်တော့ လူတွေကို သိပ်ဖက်တွယ်လွန်းရင် သိပ်အာရုံထဲ ထည့်ထားရင် အာရုံနောက်ရမှာက သင်ပဲ ဖြစ်တယ်။ သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ် ဆိုတာတွေကို ဆက်လက်လုပ်နေမှာ ဖြစ်တယ်။

ဒါ့ကြောင့် လူတချို့ သင့်ကို မလိုဘူးဆိုရင် မနှစ်သက်ဘူးဆိုရင် မကောင်းပြောနေတယ် ဆိုရင်ဘာမှ ခံစားမနေဘဲ ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။ နေတတ်သလို ဆက်သာနေပါ။

သင့်တနေ့တာအတွက် စိတ်ကြည်နေဖို့ အမှိုက်လိုလူတွေရဲ့ ပုပ်နေတဲ့ စကားတွေ၊ လောက်တက်နေတဲ့ အပြုအမူတွေကို ဘာလို့ ဆက်ပြီး ခံစားနေမှာလဲ။ သူ့လမ်း ကိုယ့်လမ်း သူ့ဘဝ ကိုယ့်ဘဝ သူ့ထမင်း ကိုယ့်ထမင်း တူတာမှ မဟုတ်တာ။

ဒါကြောင့် သင့်မှာ အခုလိုလူတွေရှိရင် အဖက်လုပ်မနေပါနဲ့။ အဖက်မလုပ်ခြင်းဟာ အပြင်းထန်ဆုံး တုန့်ပြန်ခြင်းသာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments