မြွေနှင့် ပုရွက်ဆိတ်

တခါတုန်းက မြွေကြီးတကောင်ဟာ တောလမ်းလေးအတိုင်း ဖြတ်လာတယ်။ အဲ့ဒီအချိန်မှာ သစ်ပင်ပေါ်က ပုရွက်ဆိတ်တကောင်ဟာ သူ့ခေါင်းပေါ် ပြုတ်ကျလာတယ်။

အဲဒါနဲ့ မြွေဟာ အလွန်ပဲ ဒေါသထွက်ပြီး ပုရွက်ဆိတ်ကို နည်းမျိုးစုံနဲ့ ခါချတယ်။ သူဘယ်လို ကြိုးစား ကြိုးစား ပုရွက်ဆိတ်က ကျမလာဘူး။

အဲ့ဒီအချိန်မှာ လှည်းလေးတစီးဟာ တောလမ်းလေးအတိုင်း မောင်းလာတာကို မြွေကြီးက တွေ့ပြီး ပုရွတ်ဆိတ်ကို လှည်းဘီးနဲ့ ကြိတ်ပစ်ဖို့ အကြံရသွားတယ်။ ဒါနဲ့ပဲ သူ့ခေါင်းကို လှည်းလမ်းလေးပေါ်တင်ပြီး လှည်းအလာကိုစောင့်နေတယ်။

နောက်ဆုံးမှာ လှည်းဟာ မြွေကြီးရဲ့ ခေါင်းကို ကြိတ်ပြီး မြွေကြီး ခေါင်းပြားသွားသတဲ့။ ပုရွက်ဆိတ်ကတော့ တောထဲ ပြေးဝင် ပျောက်ကွယ် သွားပါတော့တယ်။

ဒီပုံပြင်လေးက ကျနာ်တို့ကို သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ တခါတရံမှာ ကိုယ်က သူတပါး အကျိုးစီးပွားကို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရင်း ကိုယ်ကိုယ်တိုင် အကျိုးစီပွား ပျက်စီးသွားရတယ်။

ငါလုပ်ရင် သူများ ရသွားမှာစိုးလို့ ဘာမှမလုပ်ရင်း ကိုယ်တိုင် အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးသွားရတယ်။ သူများ အကျိုးစီးပွားကို မလိုလားရင်း ကိုယ့်အကျိုးစီးပွားတွေ နှောင့်နှေးသွားကြတယ်။

လောကမှာ စိတ်ဓာတ်မှန်မှန်နဲ့ တကယ် ကြိုးစားမယ်ဆိုရင် အပေါ်တွေ ဘေးတွေ အောက်တွေ နောက်တွေ ကြည့်နေစရာမလိုပါဘူး။

ကိုယ်လုပ်သင့် လုပ်ထိုက်တာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို ပစ္စုပ္ပန် တည့်တည့်ကနေပြီး လုပ်ဆောင်တတ်မယ်ဆိုရင် စိတ်ချမ်းသာစရာတွေနဲ့ နေ့စဉ် ပျော်ရွှင်နေမှာပါ။

မနေ့ကငါနဲ့ ဒီနေ့ငါ၊ မနေ့က ငါ့စိတ်ထားနဲ့ ဒီနေ့ငါ့စိတ်ထားကို ပိုကောင်းအောင်ပဲ ကြိုးစားဖို့ လိုပါတယ်။ ကိုယ်က နောက်လိုက် ဖြစ်နေချိန်မှာ ရှေ့ကခေါင်းဆောင် သွားတဲ့နောက်ကို ဖြောင့်ဖြောင့်တန်းတန်း လိုက်ရုံပဲ။

ကိုယ်က ခေါင်းဆောင်ဖြစ်ရင်လည်း ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း လျှောက်ရမယ်။ ကိုယ်က သင်ယူချိန်မှာ အပြည့်အဝသင်ယူပြီး စင်ပေါ်တက် ပြောတော့မယ် ဆိုရင်လည်း ကိုယ်ပြောမယ့် အကြောင်းအရာကို စေတနာအပြည့်နဲ့ အပြည့်အဝသင်ကြားပေးရုံပါပဲ။

ကိုယ်လုပ်လို့ ဘယ်သူကောင်းစားတာ မကောင်းစားတာကို မနာလိုရှုစိတ်ဖြစ်နေမယ့်အစား ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေ ဘယ်လို တိုးတက်သွားတယ် ဆိုတာကို မုဒိတာ ပွားတတ်မယ်ဆိုရင် ကိုယ့်အကျိုးအတွက် လုပ်ဆောင်ရင်း နေ့တိုင်း အချိန်တိုင်း ကုသိုလ် ရနေမှာပါ။ Phoomyatchal

Post a Comment

0 Comments