တကိုယ်ကောင်းဆန်သောသူ

တခါတုန်းက မြင်းတကောင်နှင့် မြည်းတကောင် တို့ဟာ ခရီးတခုကို အတူတကွ သွားကြတယ်။ သူတို့ နှစ်ကောင်ရဲ့ သခင်ကတော့ သူတို့နောက်ကနေ လျှောက်လာတယ်။ မြည်းရဲ့ ကိုယ်ပေါ်မှာ အလွန် လေးလံတဲ့ ဝန်တွေ တင်ထားရတယ်။

မြည်းဟာ နာမကျန်း ဖြစ်ခဲ့တာမို့ ဒီလောက် ပူအိုက်လှတဲ့ နွေရာသီ နေ့ခင်းမှာ လေးလံလှတဲ့ ဝန်တွေနဲ့ မနိုင်မနင်း ဖြစ်နေတယ်။

အခုလည်း ဖျားနေပြီး မောပန်းလွန်း တာကြောင့် သူ့ဘေးက မြင်းကို ငဲ့ကြည့်လိုက်တယ်။ မြင်းရဲ့ ကိုယ်ပေါ်မှာ ဘာဝန်မှ တင်မထားတာကို တွေ့လိုက်ရတယ်။

"ရောင်းရင်းရေ ကျေးဇူးပြုပြီး ငါ့ကိုယ်ပေါ်က ဝန်ထုပ် တဝက်လောက် ကူသယ်ပေး ပါလားကွာ။ ဝန်ထုပ်က အရမ်းလေးပြီး ငါကလည်း ဖျားနေလို့ပါ" လို့ မြည်းက အားနည်းတဲ့ အသံလေးနဲ့ မြင်းကို လှမ်းပြောတယ်။

ရှေ့က သွားနေတဲ့ မြင်းက "မသယ်ပေးနိုင်ဘူး။ ငါလည်း ဝန်တွေ အများကြီး တင်ခဲ့ပြီးပြီ။ ငါမင်းကို လုံးဝ မကူညီနိုင် ပါဘူး။ တိရစ္ဆာန်တိုင်းဟာ ကိုယ့်ဝန်ထုပ် ကိုယ်သယ်ရမှာဘဲ" လို့ ပြောတယ်။ မြည်းဟာ ဒီလိုနဲ့ ခရီးဆက်ရ တာပေါ့။

အဖျားက ပိုပိုပြီး တက်လာတော့ မြည်းခမျာ သူ့ရဲ့ ခြေထောက် ကိုတောင် အနိုင်နိုင် သယ်နေရတာပေါ့။

"အို မိတ်ဆွေ ငါ့ကို နည်းနည်းလေးတောင် မကူညီနိုင် တော့ဘူးလား။ ငါ့ရဲ့ ဝန်ထုပ် လေးပုံတပုံလောက် ကူသယ်ပေးမယ် ဆိုရင် ငါမင်းကို ကျေးဇူးအများကြီး တင်မှာပါ" လို့ မြည်းက နောက်တကြိမ် တောင်းပန်ပြန်တယ်။

"ငါ့ကို အကူအညီ တောင်းလို့ကတော့ အပိုဘဲ။ ဘယ်သူဘဲ ဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရ မှာဘဲ။ ငါ ဘယ်သူ့ ဝန်ထုပ်မှ ကူ သယ်မပေးနိုင် တော့ဘူးလို့ဘဲ ပြောနိုင်မယ်" လို့ မြင်က ရယ်ရယ်မောမောနဲ့ ပြောတယ်။

အဲဒီ အချိန်မှာဘဲ မြည်းဟာ ခြေလေးဘက် ကားပြီး လဲကျသွားရင်း ဇက်ကျိုးကျကာ သေဆုံးသွား လေတယ်။ သူတို့ရဲ့ သခင်ရောက်လာပြီး မြည်းကို အသက်ရှိ မရှိ စမ်းကြည့်လိုက်တော့မှ မြည်းဖျားနေခဲ့တာကို သိသွားတော့တယ်။

မြည်း အသက် ပြန်ရှင်လာအောင် သူတတ်နိုင်သလောက် ပြုစုပေမယ့် အချည်းအနှီးပါဘဲ။ သနားစရာ မြည်းခမျာ အမှန်တကယ် သေဆုံးသွားပါပြီ။ သခင်ဖြစ်သူဟာ ဝမ်းနည်းစွာနဲ့ မြင်းရဲ့ ဇက်ကြိုးကို ဆွဲကိုင်ပြီး

"ကဲ ဒီဝန်ထုပ်တွေကို မင်းပဲ သယ်ရတော့မှာ။ ဒါတင် မကသေးဘူး ဒီမြည်းရဲ့ ခန္ဓာကိုယ် ကိုပါ မင်းသယ်ရဦးမယ်။ ဒီလောက် သစ္စာရှိတဲ့ သတ္တဝါကို လမ်းပေါ်မှာ ဒီအတိုင်း ပစ်မထားရက်ဘူးကွာ" လို့ ဆိုတယ်။

သခင်ဖြစ်သူဟာ မြင်းရဲ့ ကိုယ်ပေါ်မှာ ဝန်ထုပ်တွေနဲ့ မြည်းရဲ့ ခန္ဓာကိုယ်ကို တင်ပြီး သားရေကြိုးနဲ့ ချည်နေတဲ့ အချိန်မှာ မြင်းဟာ ငြိမ်ငြိမ်လေး ရပ်နေရတယ်။

ကိုယ်ပေါ်မှာ နှစ်ဆ လေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တင်ပြီး ခရီးဆက်နေရတဲ့ မြင်းဟာ ခါးကျိုးလုမတတ် ခံစားနေရပြီး

"ဖြစ်ရလေ၊ ဖြစ်ရလေ။ ငါဘာကြောင့် မြည်းကို မကူညီခဲ့မိ တာလဲ။ အခုတော့ နှစ်ဆဝန်ကို ငါ့မှာ ထမ်းနေရတယ်။ ငါလည်းဝန်ထုပ် ပိပြီး သေမသွားနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ" လို့ ညည်းညူရင်း ဝန်ထုပ်တို့ကို တကိုယ်တည်း ပင်ပန်းကြီးစွာ သယ်ဆောင် သွားရလေတော့သည်။ Crd

Post a Comment

0 Comments