ကြောက်တတ်သောနှလုံးသား

တခါတုန်းက အလွန်ကိုမှ ကြောက်တတ်ရှာတဲ့ ကြွက်လေးတကောင် ရှိခဲ့တယ်။ သူကြောက်တာက ကြောင်။ ကြောင်သံကြားတာနဲ့ စိတ်ဆင်းရဲလာရော။ တနေ့တော့ တန်ခိုးရှင်ကို ဆုတောင်းသတဲ့။ ကြောင် ဖြစ်ပါရစေပေါ့။

တန်ခိုးရှင်လည်း သနားပြီး ဖန်ဆင်းပေး လိုက်တယ်။ ကဲ ကြွက်ကလေးလည်း ကြောင် ဖြစ်သွားပြီ။ ကြောင်ဖြစ်တော့ ကြောက်စိတ် ထပ်ပေါ်လာတယ်။

ခွေးကို ကြောက်တာ။ အဲဒါနဲ့ တန်ခိုးရှင်ကို ထပ်ဆုတောင်းတယ်။ ခွေး ဖြစ်ပါရစေတဲ့။ တန်ခိုးရှင်လည် စီစဉ်ပေးလိုက်တယ်။ ခွေး ဖြစ်သွားပြန်ပြီ။ ခွေး ဖြစ်တော့ မြေခွေးကို ကြောက်ပြန်သတဲ့။

တန်ခိုးရှင် စိတ်ညစ်လာပြီ။ ကဲ လုပ်ပေးလိုက် ဦးမယ် ဆိုပြီး မြေခွေး ဖြစ်အောင် လုပ်ပေးတယ်။ မြေခွေး ဖြစ်တော့ ဝံပုလွေကို ကြောက်ပြန်ရော။ ဆုတောင်းပြန်ပြီ။ ဝံပုလွေ ဖြစ်ပါရစေ။

တန်ခိုးရှင်လည်း နောက်ဆုံးပဲ ဆိုပြီး ဝံပုလွေ အဖြစ် ပြောင်းပေးလိုက်တယ်။ ဝံပုလွေဘဝ ရောက်လို့ မကြာခင် ကျားကို ကြောက်ပြန်တယ်။ ထပ်ဆုတောင်းတယ်။ ကျား ဖြစ်ပါရစေတဲ့။

နောက်တနေ့ မနက်ကျတော့ ကျားမဖြစ်ပဲ သူဟာ ကြွက် ပြန်ဖြစ် နေတယ်။ တန်ခိုးရှင်ကို ငိုယိုပြီး ဘယ်လိုဖြစ်တာလဲ မေးတော့ တန်ခိုးရှင်က ရှင်းပြတယ်။

"မင်းက ခန္ဓာကိုယ်သာ ပြောင်းသွားတယ်။ ကြောက်တတ်တဲ့ နှလုံးသားက လုံးဝ မပြောင်းလဲသွားဘူး။ ငါ မင်းကို ဘာကောင် ဖြစ်အောင် လုပ်လုပ် မင်းက ကြောက်နေမှာပဲ။ ဒီတော့ ကြွက်ဘဝပဲ နေပါကွာ၊ မင်းနဲ့ ပိုသင့်တော်ပါတယ်" တဲ့။

ဒီပုံပြင်ထဲကလိုမျိုး လူလည်း ကံကောင်းလို့ အပြင်ပန်းဘဝ ပြောင်းလဲသွားရင်တောင် နှလုံးသားထဲက အကြောက်တရား မပြောင်းလဲနိုင်ရင် အခက်အခဲတွေကိုပဲ အာရုံစိုက်မိ ပါလိမ့်မယ်။ အခွင့်အလမ်းကို အာရုံစိုက်မိမှာ မဟုတ်ပါဘူး။

ဘဝတခုကို ပြောင်းပစ်တော့မယ်လို့ ဆုံးဖြတ်ထားရင် မိမိစိတ်ဓာတ်ကို အရင်ဆုံး ပြောင်းပစ်ဖို့ ပိုအရေးကြီးတယ်။ အပြင်ဘက်မှာ အားနည်းနေလည်း အတွင်းထဲက ရဲရင့်တဲ့ နှလုံးသားရှိရင် ယှဉ်ပြိုင်နိုင်တယ်။

ဒီလိုပြောလို့ ရှေ့နောက်ချိန်ဆတဲ့ ဉာဏ်ပညာ မပါပဲ ဇွတ်တိုးလုပ်ပါ၊ အောင်မြင်လိမ့်မယ်လို့ မဆိုလိုပါဘူး။ ဉာဏ်ပညာဟာ အောင်မြင်ဖို့ အရေးအကြီးဆုံး အချက်ထဲမှာ ပါပါတယ်။

ဒါပေမယ့် ချီတုံချတုံ ဖြစ်နေတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့၊ နယ်ပယ်သစ် တခုကို ဝင်ဖို့ အခက်ခဲဆုံး ဖြစ်နေတဲ့ ပထမ ခြေလှမ်း စလှမ်းဖို့တော့ လုံလောက်တဲ့ သတ္တိရှိမှ ရမယ်။

အခက်အခဲတွေ ကျိန်းသေတွေ့ရမယ့် လောကကို ရင်ဆိုင်ဖို့အတွက် နှလုံးသားက ရဲရင့်ဖို့ လိုပါတယ်။ ကြောက်တတ်တဲ့ ကြွက် နှလုံးသားနဲ့တော့ ဘယ်နေရာမှာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ Argyi

Post a Comment

0 Comments