ရှာလကာရည်ရှိရုံနဲ့ အိမ်မှာ အသုံးပြုနိုင်တဲ့နည်းလမ်း (၆) မျိုး

ရှာလကာရည်က ချက်ပြုတ်တဲ့နေရာမှာတင်မကဘဲ သန့်ရှင်းရေးပြုလုပ်တဲ့နေရာမှာပါ အသုံးဝင်ပါတယ်။ ဈေးသက်သာပြီး အများကြီး အကျိုးရှိစေတဲ့ ရှာလကာရည်ရဲ့အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆီဂျီး

ရှာလကာရည်ရဲ့ အစွမ်းတွေထဲကတစ်ခုကတော့ မီးဖိုတွေ၊ နံရံတွေမှာ ကပ်နေတဲ့ဆီဂျီးတွေကို ပြောင်စင်စေတာပါ။ ရှာလကာရည်နဲ့ ရေနွေးကို ဆတူရောပြီး ဖျန်းဘူးတစ်ဘူးထဲမှာ ထည့်ပါ။

ပြီးနောက် မီးဖိုတစ်ဝိုက်က ဆီဂျီးတွေ ကပ်နေတဲ့နေရာတွေမှာ ဖျန်းပေးပါ။ ၁၀မိနစ်ခန့် စောင့်ပြီးတဲ့အခါမှာတော့ မီးဖိုတစ်ဝိုက်ကို ဖော့လေးနဲ့ သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။

၂။ ကြိတ်စက်

ကြိတ်စက်ထဲမှာ အစားအစာအကြွင်းအကျန်တွေ၊ အနံ့အသက်ဆိုးတွေ ရှိနေတတ်ပါတယ်။ ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ကြိတ်စက်ထဲမှာ ထည့်လိုက်ပါ။ ပြီးနောက် ကြိတ်စက်ခလုပ်ကို နှိပ်လိုက်ပါ။

ခဏကြာပြီးနောက်မှာတော့ ကြိတ်စက်ကို ပုံမှန်အတိုင်း ရေဆေးလိုက်ရုံပါပဲ။ ကြိတ်စက်အတွင်းမှာ ရှိတဲ့အစွန်းတွေ၊ အနံ့အသက်ဆိုးတွေက ခဏအတွင်း ပြောင်စင်သွားပါတယ်။

၃။ အမှိုက်ပုံး

အမှိုက်ပုံးကို အသုံးပြုတာ အချိန်ကြာလာတဲ့အခါမှာ အနံ့အသက်ဆိုးတွေ ထွက်လာပါတယ်။ ဆပ်ပြာရည်တွေနဲ့ ဆေးကြောပေမယ့်လည်း အနံ့က မပြောင်သွားပါဘူး။ ရှာလကာရည်နဲ့ ရေကို ဆတူရောပြီး ဖျန်းဘူးထဲ ထည့်လိုက်ပါ။

ပြီးနောက် အမှိုက်ပုံးရဲ့အတွင်းရော အပြင်ကိုပါ ဖျန်းလိုက်ပါ။ ခဏကြာပြီးနောက်မှာတော့ ဆပ်ပြာရည်နဲ့ ဆေးလိုက်ရင် ချွတ်ရခက်တဲ့အညစ်အကြေးတွေနဲ့ အနံ့အသက်ဆိုးတွေ ပြောင်စင်သွားပါတယ်။

၄။ ဓားထည့်တဲ့ခွက်

ဓားကို အသုံးပြုပြီးတိုင်း သန့်ရှင်းရေးလုပ်သလို ဓားထည့်တဲ့ခွက်လေးကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ မုန့်ဖုတ်စက္ကူတစ်ရွက်ကို ရှာလကာရည်ထဲမှာ စိမ်လိုက်ပါ။ ဓားကို မုန့်ဖုတ်စက္ကူနဲ့ ပတ်ပြီး ဓားထည့်တဲ့ခွက်ထဲကို သန့်ရှင်းရေး ပြုလုပ်ပေးပါ။

၅။ ရေနွေးအိုး

ရေနွေးအိုးကို အသုံးပြုလာတာ ကြာတဲ့အခါ ထုံးချိုးတွေ တက်လာပါတယ်။ ရေနဲ့ ရှာလကာရည်ကို ဆတူရောပြီး ရေနွေးအိုးထဲကို ထည့်လိုက်ပါ။ ရေနွေးအိုးကို ပွက်အောင်တည်ထားပြီး ရှာလကာရည်တွေ သွန်ချလိုက်ရင် ထုံးချိုးတွေပါ ပါလာပါတယ်။

၆။ သစ်သားကြမ်းပြင်

ရှာလကာရည်က သစ်သားကြမ်းပြင်ကိုပါ သန့်ရှင်းပေးနိုင်ပါတယ်။ ရှာလကာရည်ခွက်တစ်ဝက်နဲ့ ရေနွေး ၄ လီတာကို ရောပြီး ဇလုံတစ်လုံးထဲမှာ ထည့်ပါ။

ကြမ်းတိုက်အဝတ်ကို ဇလုံထဲမှာနှစ်ပြီး ကြမ်းပြင်ပေါ်ကို သန့်ရှင်းရေးလုပ်ပေးပါ။ ဒါပေမယ့် ကြမ်းတိုက်ဝတ်ကို ရေပြောင်အောင် ညှစ်ပြီးမှသာ ကြမ်းပေါ်မှာ ပွတ်တိုက်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments