ကလေးတွေလည်း လူကြီးတွေနည်းတူ စိတ်ဖိစီးမှုတွေကို ခံစားရလေ့ရှိပါတယ်။ လေ့လာချက်တွေအရ ကလေး ၁၃ ရာခိုင်နှုန်းဟာ စိတ်ညစ်စရာပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးမှုတွေကို ခံစားလာရပါတယ်။
မိဘတွေကြားက အဆိပ်အတောက်ဖြစ်စေတဲ့ပတ်သက်မှုတွေကြောင့် ကလေးအတွက် စိတ်ရောကိုယ်ပါ ထိခိုက်စရာတွေ ဖြစ်ပေါ်လာပါတယ်။
၁။ အမြဲတမ်းလိုလို နေမကောင်းဖြစ်နေသလို ခံစားရခြင်း
မိဘတွေ ခဏခဏရန်ဖြစ်နေတာကို တွေ့ရတဲ့ကလေးက ဘယ်နည်းနဲ့မှ မပျော်ရွှင်နိုင်တော့ပါဘူး။ မိဘတွေက စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တဲ့ ကလေးရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ မိဘတွေ စကားများရန်ဖြစ်တိုင်း ဖျားသလို၊ နေမကောင်းသလို ခံစားလာရပါတယ်။
၂။ အပြစ်တင်ခံရတာနဲ့ အသားကျလာခြင်း
အချို့သောမိဘတွေက အချင်းချင်း အဆင်မပြေတဲ့အခါမှာ ကလေးအပေါ်ကို အပြစ်ပုံချတတ်ကြပါတယ်။ ကလေးက မဆီမဆိုင်ဘဲ အပြစ်တင်ခံရပြီးတော့ စိတ်ဒဏ်ရာတွေ ရလာပါတယ်။
ကလေးတွေကို ဆုံးမချင်တဲ့အခါ စကားများများပြီးချင်းမဆုံးမဘဲ စိတ်တည်ငြိမ်တဲ့အချိန်မှသာ အေးအေးဆေးဆေး ပြောသင့်ပါတယ်။
၃။ အပြစ်ရှိသလို ခံစားရခြင်း
မိဘတွေကြားက ကြီးကြီးမားမားပြဿနာတွေကြောင့် ကလေးတွေက နွေးထွေးကြင်နာမှုတွေကို မရရှိတော့ပါဘူး။ ပျော်စရာအချိန်တွေ ကုန်သွားသလို ခံစားရပါတယ်။
ကလေးတွေက မိဘတွေက အဆင်ပြေစေအောင် ပြန်လည်ကြိုးစားပေမယ့် အအော်ခံရတာ၊ အရိုက်ခံရတာတို့ ကြုံတွေ့ရလေ့ရှိပါတယ်။ စကားများရန်ဖြစ်ရတာက ကလေးကြောင့်မဟုတ်ဘဲ အပြစ်ရှိတယ်လို့ အမြဲတမ်းတွေးထင်သွားတတ်ပါတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း
မိဘတွေ မပျော်ရွှင်တဲ့အခါ ကလေးတွေလည်း မပျော်ရွှင်နိုင်တော့ပါဘူး။ ကလေးတွေကို ပြည့်စုံအောင် ထားပေမယ့်လည်း ပျော်ရွှင်မှုကို တောင့်တနေမှာပါ။ မိဘတွေက ဝမ်းနည်းနေတာ၊ အဆင်မပြေတော့တာကို ကြည့်ပြီး ကလေးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။
၅။ ခံစားချက်တွေကို အရေးမကြီးဘူးလိူ့ ထင်လာခြင်း
ကလေးတွေမှာ မကောင်းတဲ့ခံစားချက်တွေ ပေါ်လာတဲ့အခါ လျစ်လျူမရှုထားသင့်ပါဘူး။ ကလေးက ရုတ်တရက် ဒေါသကြီးလာတာ၊ ဆတ်ဆတ်ထိမခံဖြစ်လာတာတို့ဆိုရင် သတိထားပြီး ကြည့်ရှုသင့်ပါတယ်။
မိဘတွေက ကလေးတွေရှေ့တင် ရန်ဖြစ်တာကြောင့် ကလေးတွေဆီမှာ ဒေါသကြီးတဲ့အပြုအမူတွေ ကူးစက်လာပါတယ်။ ဝမ်းနည်းနေရင်တောင်မှ မိဘတွေကို မပြောပြဖြစ်တော့ဘဲ ခံစားချက်တွေက အရေးမကြီးဘူးလို့ ထင်လာတတ်ပါတယ်။
၆။ စိတ်ဖိစီးမှု ခံစားရခြင်း
ငယ်စဉ်ကတည်းက မိသားစုဆီကနေ နွေးထွေးမှုအပြည့်အဝမရတဲ့ ကလေးတွေက စိတ်ဖိစိးမှုကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရပါတယ်။
ကလေးကို စိတ်ဖိစီးမှုဒဏ်ကနေ ဝေးအောင် ဝါသနာတွေကို ငယ်ငယ်ကတည်းက ပျိုးထောင်ပေးပါ။ မိဘတွေက အမြဲတမ်းပြဿနာဖြစ်ပြီး နှိပ်စက်နေတာကို ငယ်ရွယ်တဲ့ကလေးတွေအနေနဲ့ မမြင်သင့်ပါဘူး။
၇။ ဘယ်သူ့ဘက်ကို လိုက်ရမှန်းမသိဖြစ်ခြင်း
မိဘတွေရဲ့ အဆိပ်အတောက်ဆက်ဆံရေးကြားမှာ ဘယ်လိုနေထိုင်ရမှန်း ကလေးတွေက မခွဲခြားနိုင်ပါဘူး။ အဲဒါကြောင့် အဖေ သို့မဟုတ် အမေနဲ့နေဖို့ ရွေးချယ်လိုက်ကြပါတယ်။
ဒါပေမယ့် ဒီလိုရွေးချယ်လိုက်တာက သဘာဝမကျဘဲ ကလေးရဲ့စိတ်ထဲမှာ ဒဏ်ရာအနာတရဖြစ်ပေါ်လာပါတယ်။ ကလေးတွေက မိဘနှစ်ပါးလုံးထံကနေ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိသင့်ပါတယ်။
၈။ စိုးရိမ်ပူပန်တတ်လာခြင်း
ကလေးတွေက မိဘတွေပြဿနာဖြစ်ရတဲ့အကြောင်းအရင်းကို နားမလည်ပါဘူး။ တစ်ခုခုမှားယွင်းနေတယ်လို့ပဲ သိကြပါတယ်။ မိဘတွေအချင်းချင်း အဆင်မပြေတဲ့အခါ အချို့ကလေးတွေက အရာရာတိုင်းကို စိုးရိမ်ပူပန်တတ်လာပါတယ်။ အချို့ကလေးတွေကတော့ သီးသန့်နေတတ်လာပြီး အချို့ကလေးတွေက ဒေါသကြီးလာတတ်ပါတယ်။
Zombie (lovemedia)
0 Comments