Miss Universe ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက ရင်သပ်ရှုမောလောက်တဲ့ဝတ်စုံတွေ ဝတ်ပြီး ယှဉ်ပြိုင်ကြပါတယ်။ အဲဒီဝတ်စုံတွေမှာလည်း အဓိပ္ပွါယ်တွေ အများကြီးပါဝင်နေပါတယ်။

ဒီနှစ်မှာတော့ Miss Thailand က သူမရဲ့ဘဝဇာတ်ကြောင်းကို ပေါ်လွင်စမေယ့် ဝတ်စုံလေးကို ဝတ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီဝတ်စုံလေးက သူမမိဘတွေရဲ့ကျေးဇူးကို ထင်ရှားစေတဲ့ဝတ်စုံလေးလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ Anna Sueangam-iam ဟာ Miss Universe Thailand ဆုကို ရရှိခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် Global Miss Universe ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။

Anna ဟာ ထိုင်းကပြားမလေး ဖြစ်ပေမယ့် ထိုင်းယဉ်ကျေးမှုကို သဘောကျသူပါ။ ထိုင်းကပြားမလေး ဖြစ်တဲ့အတွက်ကြောင့် ပြိုင်ပွဲဝင်တဲ့အခါမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Anna က Global Miss Universe ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပါတယ်။


"အခက်အခဲတွေက လူတိုင်းမှာ ကြုံတွေ့နေရတဲ့အရာပါ။ အခက်အခဲတွေ၊ ဒုက္ခတွေက ကျွန်မတွက်တော့ အသားကျနေပါပြီ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အောင်မြင်မှုကို မရမချင်း ထပ်ကာထပ်ကာကြိုးစားပါ" လို့ သရဖူရရှိချိန်မှာ Anna က ပြောခဲ့ပါတယ်။


Anna ရဲ့ငယ်ဘဝက အရမ်းကို ခက်ခဲခဲ့ပါတယ်။ ငယ်ငယ်တုန်းက အမှိုက်ပုံတွေထဲကနေ တွေ့တဲ့အရုပ်တွေနဲ့ပဲ ကစားခဲ့ရပါတယ်။ သူမရဲ့အဖေက အမှိုက်ကောက်သူတစ်ယောက်ဖြစ်ပြီး အမေကတော့ လမ်းမှာ တံမြက်စည်းလှဲသူပါ။

လူတွေက သူမရဲ့မိဘအလုပ်အကိုင်နဲ့ပတ်သက်ပြီး လှောင်ပြိုင်စနောက်တာကို ဘဝတစ်လျှောက်လုံး ရရှိခဲ့ပါတယ်။ အခုလို ဆုရချိန်မှာတောင် သူမကို အမှိုက်မယ်လို့တောင် နာမည်တွေ ပေးကြပါတယ်။


ငယ်စဉ်ကတည်းက အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အဘွားဖြစ်သူကိုလည်း စောင့်ရှောက်ခဲ့ရပါသေးတယ်။ မိဘနဲ့ အဘွားကို ကောင်းကောင်းမွန်မွန်ထားနိုင်ဖို့ အလုပ်ကို အများကြီး ကြိုးစားခဲ့ပါတယ်။

Anna ရဲ့ဘဝဇာတ်ကြောင်းကို မသိရင်တော့ သူမရဲ့ပြိုင်ပွဲဝင်ဝတ်စုံကို သာမန်လို့ပဲ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့ပြိုင်ပွဲဝင်ဝတ်စုံတစ်ခုလုံးကို သံဘူးအဖုံးပေါ်က ကွင်းလေးတွေနဲ့ ပြုလုပ်ထားတာပါ။

ဒီထူးခြားတဲ့ဝတ်စုံကို မယ်စကြဝဠာပြိုင်ပွဲကြီးမှာ ရဲရဲဝံ့ဝံ့ဝတ်ပြီး သူမရဲ့ဘဝဇာတ်ကြောင်းနဲ့ မိဘတွေရဲ့ကျေးဇူးတရားကို ‌ဖော်ပြခဲ့ပါတယ်။

ဝတ်စုံတစ်စုံရဲ့အလှက ဝတ်သူရဲ့အလှနဲ့ သက်ဆိုင်သလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့လည်း ဆက်စပ်နေပါတယ်။ သူမရဲ့ပြိုင်ပွဲဝင်စုံကိုတော့ "ဖုံးကွယ်ထားတဲ့စိန်ရတနာ" လို့ နာမည်ပေးထားပါတယ်။

ဇွဲ၊ မဆုတ်မနစ်ကြိုးစားမှု၊ အကောင်းမြင်မှုတွေက Anna ကို အောင်မြင်မှုတွေရအောင် တွန်းပို့ပေးခဲ့ပါတယ်။ ရတနာလို တောက်ပနေတဲ့ Anna ကို အောင်မြင်မှုဆီမရောက်အောင် ဘယ်အရာကမှ တားမြစ်နိုင်မှာမဟုတ်ပါဘူး။

Zombie (lovemedia)