အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်သွားတဲ့အခါ အမြန်ဆုံးပြန်တွေ့နိုင်အောင် ပြုလုပ်သင့်တဲ့အချက်များ

ခွေးလေးတွေ၊ ကြောင်လေးတွေ ပျောက်သွားတာက ပိုင်ရှင်တွေအတွက်တော့ အိပ်မက်ဆိုးပါပဲ။ သူတို့တွေကို ပြန်မတွေ့မချင်း စိတ်ပူပန်နေရမှာပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေ ပျောက်သွားတဲ့အခါမှာ အမြန်ဆုံးပြန်တွေ့နိုင်အောင် ပြုလုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အိမ်နဲ့ အိမ်အနီးနားမှာ ရှာပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေ ပျောက်သွားပြီလို့ သိတာနဲ့ မိသားစုဝင်တွေကို အမြန်ဆုံးအသိပေးပြီး ခပ်မြန်မြန်ရှာဖွေသင့်ပါတယ်။ အိပ်ရာအောက်၊ ဗီရို၊ မှောင်တဲ့နေရာ၊ ကတ်ထူပုံး၊ ခြင်းတောင်း၊ အိမ်ပရိဘောဂပစ္စည်းတွေထဲမှာ ကြောင်လေးတွေက ပုန်းနေတတ်ပါတယ်။

တစ်ခါတရံမှာ ကြောင်လေးတွေ၊ ခွေးလေးတွေက အိမ်ထဲမှာပဲ ပိတ်မိနေတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထဲမှာ အရင်ဆုံးရှာဖွေသင့်ပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေကို ဖုန်းဆက်ပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေက တိရစ္ဆာန်ဆေးခန်း၊ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာလည်း ရောက်နေနိုင်ပါတယ်။ အဲဒါကြောင့် ဒီလိုနေရာတွေကိုလည်း ဖုန်းဆက်ထားသင့်ပါတယ်။

ကြောင်လေးတွေ၊ ခွေးလေးတွေရဲ့ ဓာတ်ပုံကို ထုတ်ပြီး ပေးထားတာ၊ ကပ်ထားတာကလည်း မြန်မြန်ပြန်တွေ့စေမယ့် နည်းလမ်းပါ။

ဆိုရှယ်မီဒီယာကနေ ရှာဖွေပါ။

ကြောင်လေးတွေ၊ ခွေးလေးတွေ ပျောက်သွားတဲ့အချိန်၊ သူတို့ရဲ့အသက်၊ အရောင်၊ လိင်၊ အမျိုးအစား၊ ထင်ရှားတဲ့အမှတ်အသား စတဲ့အရာတွေကို ဆိုရှယ်မီဒီယာမှာ တင်ပြီး ရှာဖွေနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ဆိုရှယ်မီဒီယာမှာ ပြုလုပ်ထားတဲ့ group တွေကနေတစ်ဆင့် ရှာဖွေရင် အခြားသူတွေလည်း သိရှိသွားပြီး မြန်မြန်ပြန်တွေ့နိုင်ပါတယ်။

လက်ကမ်းစာစောင်

သင့်ရဲ့ကြောင်လေး၊ ခွေးလေးကို မြင်ဖူးတဲ့သူတွေထံကို အိမ်မွေးတိရစ္ဆာန်ပျောက်သွားကြောင်း လက်ကမ်းစာစောင် ဝေတဲ့နည်းကလည်း ထိရောက်ပါတယ်။

မြင်လိုက်တာနဲ့ သိသာစေမယ့် စာလုံး၊ အရောင်၊ ပုံတို့ကို အသုံးပြုပြီး လက်ကမ်းစာစောင်ပြုလုပ်ရင် ပျောက်နေတဲ့ကြောင်လေးတွေ၊ ခွေးလေးတွေ ရှာတွေ့ဖို့ အကူအညီဖြစ်စေမှာပါ။

သွားနေကျနေရာတွေမှာ ရှာပါ။

ခွေးလေးတွေ၊ ကြောင်လေးတွေက သူတို့သွားနေကျနေရာလေးတွေကို လွမ်းပြီးတော့ တစ်ကောင်တည်း ရောက်သွားတတ်ပါတယ်။ ပန်းခြံ၊ အစာဆိုင်၊ pet spa၊ မုန့်ဆိုင်၊ ကော်ဖီဆိုင်၊ ကစားကွင်း စတဲ့နေရာတွေမှာလည်း ရှိနေနိုင်ပါတယ်။

အဲဒီလိုနေရာတွေနားက သစ်ပင်တွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်သွားကြောင်း ကြော်ငြာကပ်ထားရင် ပြန်တွေ့ဖို့ လွယ်ကူနိုင်ပါတယ်။

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အသက်၊ အမျိုးအစား၊ နာမည်၊ ပိုင်ရှင်ရဲ့လိပ်စာ၊ ဖုန်းနံပါတ်တို့ပါဝင်တဲ့ကတ်ပြားလေးကို ဆွဲပေးထားရင် တွေ့တဲ့သူက သင့်ဆီကို မြန်မြန်အကြောင်းကြားနိုင်မှာပါ။

Zombie (lovemedia)

Post a Comment

0 Comments