လူတိုင်းက ဇရာကို မလွန်ဆန်နိုင်တာကြောင့် ဆံပင်တွေက ဖြူလာပါတယ်။ ဆံပင်ဖြူလာပေမယ့်လည်း အသက်ကြီးတယ်လို့မထင်ရဘဲ လှပနေအောင် ပြင်ဆင်နိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်ခုံး

ဆံပင်တွေ ဖြူလာပြီဆိုရင် မျက်ခုံးတွေရဲ့အရောင်ကလည်း ဖျော့လာပါတယ်။ မျက်ခုံးအရောင်ဖျော့လာတဲ့အခါ အသက်ပိုကြီးတယ်လို့ ထင်လာရပါတယ်။ အဲဒါကြောင့် မျက်ခုံးကို ပြန်ဆွဲပေးရင်၊ အရောင်ခြယ်ပေးရင်အသက်ကြီးတာက မသိသာဘဲ လှပနေမှာပါ။

၂။ အဝတ်အစား

အသက်ကြီးလာတဲ့အခါမှာ လူအများစုက ဖျော့တဲ့အရောင်တွေကို ရွေးလာကြပါတယ်။ ဒါပေမယ့် အမြဲတမ်းနုပျိုတယ်ထင်ရအောင်လို့ အနက်နဲ့ အဖြူရောင်ကို ရွေးချယ်နိုင်သလို ခပ်ရင့်ရင့်အရောင်တွေနဲ့လည်း လိုက်ဖက်ပါတယ်။

၃။ ခေါင်းလျှော်ရည်

ဖြူနေတဲ့ဆံပင်တွေက အရောင်ဖျော့လာပါတယ်။ ဖြူနေတဲ့ဆံပင်တွေကို တောက်ပလာအောင်လို့ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ခရမ်းရောင်ခေါင်းလျှော်ရည်တွေက ဆံပင်ဖြူတဲ့သူတွေအတွက် ဆံသားတောက်ပအောင် ကူညီပေးပါတယ်။

၄။ ဆံပင်ပျော့စေတဲ့ပစ္စည်းများ

ဆံပင်ဖြူလာတဲ့အခါ ဆံသားတွေက အကြမ်းအတမ်းမခံနိုင်တော့ပါဘူး။ ဆံပင်တွေ ကြမ်းလာသလို ခဏခဏလည်း ကျွတ်လာပါတယ်။

သဘာဝဆီတွေ နည်းပါးပြီး ဖွာလာပါတယ်။ ဒီအရာတွေကြောင့် စိတ်မညစ်ရအောင် ဆံပင်ပျော့ဆေး၊ ဆံပင်ပေါင်းဆေးတွေကို သုံးရင် ဆံပင်ဖြူနေပေမယ့် လှပနေဦးမှာပါ။

၅။ ရွှေ

ရွှေကို အမျိုးသမီးတိုင်းနီးပါး နှစ်သက်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာ ရွှေထက် ငွေထည်၊ သန္တာ၊ ပယင်းတို့က ပိုပြီးလိုက်ဖက်လာပါတယ်။ ဒီလိုရတနာတွေ ဝတ်ဆင်တာက အသက်ကြီးမှန်း အရမ်းမသိသာစေပါဘူး။

၆။ ဆံပင်ပုံစံ

အမျိုးသမီးတွေက ဆံပင်တိုတာကို သိပ်ပြီး သဘောမကျပါဘူး။ ဒါပေမယ့် ဆံပင်ဖြူလာတဲ့အခါ ဆံပင်ရှည်နဲ့မလိုက်ဖက်တော့ဘဲ ခပ်တိုတိုဆံပင်နဲ့သာ လိုက်ဖက်ပါတယ်။ ဆံပင်တိုပေမယ့် ဆံပင်ပုံစံအရမ်းလှတဲ့အခါ အသက်ကြီးမှန်းတောင် မသိသာနိုင်တော့ပါဘူး။

၇။ အရောင်ကို ရောပြီးတော့ဆိုးပါ။

ဆံပင်တွေ ဖြူလာတဲ့အခါမှာ စတိုင်ကျကျဆံပင်ဖြူအောင်လို့ အရောင်တွေရောပြီး ဆိုးလို့ရပါတယ်။ ဆံပင်ကို highlight ဖောက်တာ၊ ဆံပင်အရင်းနားမှာပဲ ဆိုးတာ၊ ဆံပင်အရောင်ရင့်ရာကနေ ဖျော့သွားတာ စတဲ့ဆံပင်ဆိုးနည်းတွေက အထာကျတဲ့မမအဖြစ် ပြောင်းလဲသွားမှာပါ။

၈။ ငွေရောင်ဆံပင်ကို ဆိုးလိုက်ပါ။

ဆံပင်တွေက ကျိုးတိုကျဲတဲနဲ့ ဖြူနေပြီဆိုရင် ဆံပင်အားလုံးကို အရောင်ပြောင်းလိုက်ပါ။ မီးခိုးရောင်၊ ငွေရောင်၊ ပလက်တီနမ်ရောင်တို့က ဆံပင်ဖြူနေတာကို မသိသာစေဘဲ မျက်နှာကိုလည်း ဝင်းသွားစေပါတယ်။

၉။ မျက်လုံးကို အရောင်ခြယ်ပါ။

မျက်ခုံးအပြင် မျက်လုံးကိုလည်း အရောင်ခြယ်ရင် ပိုမိုနုပျိုစေပါတယ်။ Eyeliner နဲ့ မျက်တောင်ကို ပိုထူအောင် လုပ်လိုက်ရင် အသက်ကြီးတယ်ဆိုတာ မထင်ရတော့ဘဲ ရွယ်တူတွေကြားမှာတောင် ပေါ်လွင်နေမှာပါ။

Zombie (lovemedia)