အတင်းပြောခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး (၆) ခု

"ခိုင်မာတဲ့စိတ်ဓာတ်ရှိသူတွေဟာ အတွေးအခေါ်ကောင်းတွေ၊ အကျိုးရှိမယ့်အရာတွေကို ဆွေးနွေးလေ့ရှိပြီး စိတ်ဓာတ်ယုတ်ညံ့သူတွေကတော့ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်တယ်" လို့ ပညာရှိကြီးတစ်ယောက်က ဆိုမိန့်ဖူးပါတယ်။

အတင်းပြောတာကို မကောင်းတဲ့အရာဖြစ်ကြောင်း လူအများက သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အတင်းပြောခြင်းမှာလည်း ကောင်းကျိုးတွေ ရှိနေပါတယ်။

၁။ အတင်းပြောခြင်းကြောင့် ဘာသာစကားစွမ်းရည်တိုးတက်လာပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ပြီးနောက် အတင်းပြောတဲ့အခါ ဘာသာစကားစွမ်းရည်တိုးတက်လာပါတယ်။ အတင်းပြောတာကလည်း ယုံကြည်လို့ရတဲ့သူနဲ့မှ ပြောလို့ အဆင်ပြေတာပါ။ အတင်းပြောခြင်းကြောင့် လူနှစ်ယောက်က ပိုရင်းနှီးလာပြီး စကားလုံးအသစ်တွေ တိုးပွားလာပါတယ်။

၂။ လူတွေရဲ့အကြောင်း ပိုသိလာခြင်း

အတင်းပြောတာက မကောင်းဘူးဆိုပေမယ့်လည်း ကောင်းတဲ့အရာလည်း ရှိပါသေးတယ်။ အတင်းပြောတာက ပေါင်းသင်းဆက်ဆံရေးမှာ မဖြစ်မနေလိုအပ်ပါတယ်။

လူတွေအကြောင်းကို ပေါင်းကြည့်ရင်းနဲ့မှ သိလာသလို အတင်းပြောတာကို နားထောင်ရင်းနဲ့ လူတွေရဲ့အကြောင်းကို အနည်းငယ် တီးမိခေါက်မိ ရှိလာစေပါတယ်။

၃။ မဖြစ်သင့်တာကို တားမြစ်နိုင်ခြင်း

လူတစ်ယောက်ရဲ့မကောင်းကြောင်းကို အခြားလူတွေက စုဖွဲ့ပြီး အတင်းပြောလေ့ရှိပါတယ်။ အဲဒီအခါ မိမိမကောင်းတာ လုပ်မိသွားတဲ့အခါမှာလည်း အခြားသူတွေက နောက်ကွယ်မှာ အတင်းအဖျင်းတွေနဲ့ အပိုစကားတွေ ပြောနေမယ်ဆိုတာကို ဆင်ခြင်မိလာစေမှာပါ။

အတင်းပြောခြင်းက ခွင့်မလွှတ်နိုင်တဲ့အမှားတွေအတွက် ပြင်းထန်တဲ့ဒဏ်ပေးခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှုတွေကို လျော့နည်းစေခြင်း

တစ်ခါတရံမှာ နာကျည်းချက်တွေ၊ မကျေနပ်ချက်တွေ များလာရင် စိတ်ထွက်ပေါက်နည်းလာပါတယ်။ အဲဒီအခါ သင့်ရဲ့မကျေနပ်ချက်တွေကို ယုံကြည်ရမယ့်သူဆီကို ဖွင့်ဟလိုက်ပါ။

အတင်းပြောလိုက်ရတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုတွေ လျော့နည်းပြီး စိတ်သက်သာရာ အနည်းငယ်ရရှိသွားပါတယ်။

၅။ လိုအပ်ချက်တွေကို သိလာခြင်း

အတင်းပြောရင်းနဲ့ လူတွေရဲ့ စိတ်ကို မသိမသာအကဲခတ်နိုင်ပါတယ်။ မသိသေးတဲ့အကြောင်းအရာတွေကို သိလာနိုင်မယ့်အပြင် ရှုထောင့်အမျိုးမျိုးကိုလည်း သိရှိလာနိုင်ပါတယ်။ အခြားသူတွေရဲ့ အမြင်နဲ့ အယူအဆတွေကိုလည်း လေ့လာနိုင်မှာပါ။

၆။ အထီးကျန်မှု နည်းပါးလာခြင်း

အထီးကျန်မှုက စိတ်ဓာတ်ကျစေပါတယ်။ အတင်းပြောခြင်းက အထီးကျန်တာကို ပြေပျောက်စေပါတယ်။ သင်တစ်ယောက်တည်းပဲ ခံစားနေရတာမဟုတ်ဘူးဆိုတာကို တဖြည်းဖြည်းသိလာစေမှာပါ။ အထီးကျန်မှုတွေ လျော့တဲ့အပြင် အားတွေတောင် တက်လာဦးမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments