ဝဋ်ကြွေးတွေ မြန်မြန်ကျေပါစေ

တခါတုန်းက ရွာတရွာမှာ လင်မယားနှစ်ယောက် ရှိခဲ့တယ်။ အမျိုးသားဟာ သိပ်ကို ကြမ်းတမ်းတဲ့စရိုက် ရှိတဲ့အတွက် တနေ့တနေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ် ပါတယ်။

သူအလုပ်က ပြန်လာပြီ ဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လိုအပြစ် ရှာရမလဲ ဆိုတာပဲ တွေးနေတတ် ပါတယ်။ အပြစ်ကလေး တစုံတရာ တွေ့တာနဲ့ နီးရာတုတ်ဆွဲပြီး ရိုက်နှက်တော့တာ ပါပဲ။

အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ်။ သူ အိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တအိမ်လုံး ရေအိုးတွေကို ပြည့်အောင်ခပ်၊ တခြံလုံး အမှိုက်တွေရှင်း၊ ထမင်းဟင်းတွေ ကိုလည်း အဆင်သင့် ခူးခပ်ပေးထား ပါတယ်။ သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး။ ထမင်းကို သူပြန်မလာခင် စောစောလေး ကြိုခူးထားမိရင်လည်း

"ဒီလောက် အကြာကြီးက ထမင်းခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့။ တနေကုန် ပင်ပန်းနေတာ ဒီ ထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ" ဆိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာပါပဲ။

သူပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထားပြန်တော့လည်း "ယောက်ကျားက မောမောပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီး စားပြီး ငါ့ကို သေစေချင် လို့လား" ဆိုပြီး ရိုက်ပြန်တာပါပဲ။

အမျိုးသမီးခမျာမှာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲရိုက်ရိုက် သံယောဇဉ် ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ စုပ်လည်းဆူး၊ စားလည်းရူး ဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီ ဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာ ပါပဲ။

ပတ်ဝန်းကျင် ကတောင် မခံမရပ် နိုင်အောင် ဖြစ်ကြရပါတယ်။ ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျားကို နင်ထားခဲ့ပါတော့လား ဆိုလည်း မထားခဲ့နိုင်ပါဘူး။ သူမ မပြတ်နိုင်ပါဘူး။

အဲဒီလိုနဲ့ နောက်ဆုံး ကြံရာမရတော့တဲ့ အခါ ရွာဦး ဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးထံ အကျိုးအကြောင်း သွားပြီး လျှောက်ရရှာပါတယ်။ နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာပါပဲ။

အကြောင်းစုံကို သိရတဲ့အခါ ဆရာတော်ကြီးက မေးပါတယ်။ ဒကာမရဲ့ ယောက်ျားက ဘယ်အချိန်တွေမှာ အရိုက်များတတ် သလဲ" "ရိုက်တာတော့ အချိန်တိုင်းလိုလို ပါပဲ ဘုရား။ သို့ပေမယ့် သူထမင်းစား ခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား"

ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး "ရော့ နင့်ယောက်ျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက်" လို့ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွား ပါတော့တယ်။

အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိ နားမလည်သော်လည်း "အကြောင်းတော့ ရှိမှာပဲ" ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ်။

ဆရာတော်ကြီး မိန့်ခဲ့တဲ့အတိုင်း သူ့ယောက်ျား ထမင်းစားခါနီးလို့ အပြစ်တခုခု ရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထား လိုက်တယ်။ အမျိုးသားကလည်း အနားမှာ အဆင်သင့် ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာပါပဲ။

ဒီလိုနဲ့ တလလောက် ကြာလာတဲ့ အခါမှာ အမျိုးသားရဲ့ ရိုက်ပုတ် နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်း နည်း သွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ပါဘူး။

အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ်။ ထမင်းကို စားလို့ လုံးဝမကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်။ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေး ကြည့်တယ်။ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ ပါဘူး။

ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသားကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလျှောက်ထားတဲ့ အခါမှာတော့ ဆရာတော်ကြီးက မိန့်ပါတယ်။ "အဲဒါ ဝဋ်ကြွေး ကျေအောင် လုပ်ပေးလိုက်တာ" တဲ့။

ဆရာတော်ကြီး ဆက်ပြီးမိန့်တာက "တို့ ဘုရားရှင် လက်ထက်တော်တုန်းကလည်း ဒီလိုပဲ ဒကာတို့ ဒကာမတို့။ အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားအဖြစ် ပြန်လည်ဆုံကြတဲ့ အခါမှာ အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ် ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က အခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော် မူခဲ့တယ်။

တုတ်တချောင်းနဲ့ တချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့။ အုန်းလက်ရိုး တံမြက်စည်းက တချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကျေပါတယ်။

ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီး လျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေးအတိုင်းပဲ ပေးလိုက်တာပါ။ ကဲ ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော် ရွှင်ရွှင် နေကြပေရော့ " ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွား ပါတော့တယ်။

ကဲ စာဖတ်ပရိသတ်လည်းပဲ ဒီနည်းလေးကို နည်းယူပြီး သုံးကြမယ် ဆိုရင်တော့ တခါတရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ အပြစ်ပြန်ပြီး မတင်ပါနဲ့၊ ဝဋ်ကြွေး မကျေ ဖြစ်ပါလိမ့်မယ်။ များများလေးသာ တင်ပါစေ၊ ဒါမှ ဝဋ်ကြွေး မြန်မြန်ကျေလိမ့်မယ်။

ကိုယ်တန်ဖိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရ ပါလိမ့်မယ်။ ပြန်မပြောပါနဲ့ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်။ များများလေးသာ ပြောပါစေ၊ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ်။

ကိုယ်က ကျေးဇူးပြုဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာမျိုးလည်း ကြုံရပါလိမ့်မယ်။ ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ်။ များများလေးသာ စော်ကားပါစေ၊ ဒါမှ ဝဋ်ကြွေး မြန်မြန်ကျေပါလိမ့်မယ်။ Crd

Post a Comment

0 Comments