သူငယ်ချင်း တယောက် သူ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အမြဲ ညဉ်းညူလေ့ ရှိတယ်။ အလုပ်ပါးတော့လည်း ပျင်းလိုက်တာတဲ့။ အလုပ်များတော့လည်း ပင်ပန်းလိုက်တာတဲ့။
အထက်က လူကလည်း သူ့ကို အမြဲတင်လေ့ ရှိပြီး အလုပ်သွားချင်စိတ်တောင် မရှိတော့လို့ နေမကောင်းတာ မဟုတ်ပေမဲ့လည်း မကြာခဏ (MC) ဆေးခွင့်ယူပြီး အလုပ်နားလေ့ ရှိတယ်။
သူ့ကို ပုံပြင်လေး တပုဒ်နဲ့ လမ်းပြလိုက်တယ်။ ပုံပြင်လေးကတော့ တချို့လည်း ကြားဖူးကြမှာပါ။ လူတယောက်ဟာ တနေ့မှာ အဆောက်အဦ လုပ်ငန်းခွင်ထဲ ရောက်နေတယ်။
အဲဒီနေ့မှာ ကျောက်တုံး အကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံနဲ့ နံရံမှာ သုံးဖို့ ကျောက်တုံးသေးတွေ ရအောင် တူတွေနဲ့ စို့တွေနဲ့ ထုခွဲနေတဲ့ အလုပ်သမား သုံးယောက်ကို တွေ့တယ်။
ပထမလူက အလုပ်ထဲမှာ စိတ်ပျော်ပုံ မရပါဘူး။ တာဝန်ကျေဘဲ ကျောက်တုံးကို ထုခွဲရင်း အလုပ်ဆင်း အိမ်ပြန်ဖို့ အချိန် ဘယ်လောက် ကျန်သလဲ ဆိုပြီး အလုပ်ခွင်က တိုင်ကပ်နာရီကို မကြာခဏ ကြည့်နေတယ်။ စောစောကလူက သူတို့ ဘာလုပ်နေတာလဲလို့ မေးကြည့်တယ်။
သူက "ဒီ သောက်ကျောက်တုံးတွေကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံ ရလို့သာ လုပ်နေတာ အကျိုးလည်းမရှိ၊ ပင်ပန်းလိုက်တာလည်း လွန်ရောဗျာ။ တနေ့တနေ့ အလုပ်ဆင်းမယ့် အချိန်ပဲ မျှော်နေတာဗျို့"
ဒုတိယလူကတော့ ကျောက်တုံးကြီးကို ကြိုးစားပမ်းစား ထုခွဲနေတယ်။ ဟိုလူက သူ့ကိုလည်း ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။ သူက "ကျွန်တော် ဒီကျောက်တုံးကြီးကနေ ကျောက်တုံး အငယ်တွေ ဖြစ်အောင် လုပ်နေတာပါ။ ခွဲလို့ရတဲ့ ကျောက်တုံးတွေကို အခုဆောက်နေတဲ့ အဆောက်အဦ နံရံမှာသုံးဖို့ ပေါ့ဗျာ" တဲ့။
တတိယ လူကတော့ ကျောက်တုံးကြီးကို ခွဲလိုက်တယ်။ ရလာတဲ့ ကျောက်တုံးလေးတွေကို သေသေချာချာ ကြည့်တယ်။ သူလိုချင်တဲ့ အရွယ်ရောက်အောင် ကြိုးစားပမ်းစား ထပ်ခွဲနေတယ်။ လိုချင်တဲ့ အရွယ်နဲ့ ပုံစံရသွားရင် အဲ့ဒါလေးတွေ ကြည့်ပြီး သူဟာ ဝမ်းသာ ကြည်နူးနေတယ်။
စောစော လူလည်း ထုံးစံအတိုင်း သူ့ကို ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။ သူက အခုလို ဖြေပြန်တယ်။ "ကျွန်တော် ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး တခု ဆောက်နေတာဗျ" တဲ့။
အလုပ်တမျိုးတည်း အတူတူ လုပ်ကြတဲ့ အလုပ်သမား သုံးယောက်ဟာ အလုပ်အပေါ် ခံယူချက် စိတ်ဓာတ် (attitude) ကျတော့ မတူကြ ပြန်ဘူး။ ပထမလူဟာ သူ့အတွက် အလုပ်သာ လုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာ အချိန် ဖြုန်းနေတယ်။ ငရဲကျနေတယ်လို့ ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလို့သာ ဒီအလုပ်ကို လုပ်နေရတာ ဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။
ဒုတိယလူကတော့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ တနေ့အလုပ် တနေ့ပြီးအောင် တာဝန်ကျေပွန်အောင် လုပ်တယ်။ဒါပေမဲ့သူ့မှာ အနာဂတ်အတွက် ဘာမျှော်မှန်းချက်မှ မရှိဘူး။ စက်ရုပ်တရုပ်လို ပါပဲ။
တတိယလူ ကျတော့ စောစောက လူနှစ်ယောက်လို မဟုတ်ဘူး။ သူ့အလုပ်ကို အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ အလုပ်ကို ကောင်းတာထက် ပိုကောင်းအောင် ပိုကြိုးစားနေတယ်။
သူလုပ်လိုက်တဲ့ ကျောက်တုံးလေး တွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာ အလှဆုံး ဟိုတယ်ကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်နေတယ်။ သူဟာ အနာဂတ်ကို တွေးမြင်ကြည့် တတ်တယ်။ ဒါကြောင့် သူဟာ အလုပ်ခွင်ထဲမှာ အမြဲတမ်း စိတ်ဓာတ် တက်ကြွ လန်းဆန်းနေတယ်။
လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့ မိသားစုအတွက် အလုပ် လုပ်နေကြရမှာပါ။ ကိုယ်ပိုင်အလုပ် ဖြစ်ဖြစ်၊ ဝန်ထမ်းဘဝနဲ့ဘဲ ဖြစ်ဖြစ်၊ အလုပ်တခုတော့ လုပ်ကို လုပ်ကြရမှာပါ။ အဲဒီတော့ ကိုယ့်အလုပ်အပေါ် ခံယူထားတဲ့ attitude ဟာ စောစောကပြောတဲ့ အလုပ်သမား သုံးယောက်ထဲက ဘယ်နဲ့တူသလဲ ဆိုတာကိုယ်တိုင်ဘဲ အသိဆုံးပါ။
မိမိလုပ်နေတဲ့ အလုပ်ထဲမှာ မပျော်ဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မယ့် အလုပ်သစ်ကို ရှာပါ။ အဲ့လိုမှ လုပ်လို့မရဘူး ဆိုရင် တတိယလူလို အလုပ်အပေါ်မှာထားတဲ့ ခံယူချက် သဘောထား( attitude)ကို ပြောင်းလဲလိုက်ပါ။
မိမိ လက်ရှိအလုပ်ကို စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ အလုပ်များများ နဲ့ မြန်မြန်ပြီးအောင် ဘယ်လိုလုပ်ရမလဲ၊ ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲ စတာတွေပေါ့။
တခု သိစေချင်တာက အလုပ်ထဲ မပျော်တဲ့ လူဟာ အိမ်ထောင်ရေး အဆင်မပြေတတ်ဘူး။ အလုပ်ထဲက စိတ်မချမ်းသာမှုဟာ အိမ်ထဲ ကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့ လူဟာ အသက်လည်း တိုတတ်ကြပါတယ်။ Crd
0 Comments