ကိုယ့်သမိုင်း ကိုယ်ရေးကြရမည့် မိန်းမသားများ

မိန်းကလေး ဆိုတာ အရှက်တရား အကြောက်တရား ရှိရမယ် ဆိုတာ သိပါတယ်။ မိန်းကလေး တယောက်အနေနဲ့ လက်ခံပါတယ်။ ဒါပေမဲ့ No ပါ။ နေရာတကာ အရှက် အကြောက်ဆိုတဲ့ အရာနဲ့ ကိုယ့်စိတ်ကိုယ်- မသတ်ချင်ပါဘူး။

ကြောက်သင့်တဲ့ နေရာကိုတော့ ကြောက်တတ်ပေမဲ့ မကြောက်သင့်ဘူး ထင်တဲ့ နေရာမှာတော့ အကြောက်တရား ဆိုတာ နည်းနည်းမှ မရှိပါဘူး။

ဒီနေ့ခေတ် ကျမတို့ မိန်းမသား တချို့ဟာ နေရာတကာ အရှက်အကြောက် ဆိုတဲ့ အရာကြီးကို လက်ကိုင်ထားပြီး လူ့အခွင့်အရေး ဆုံးရှုံးနေရတာ အများအပြားပါ။

မကြောက်သင့်တဲ့ နေရာမှာ ကြောက်နေကြလို့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မိန်းမသားတွေ ရှိသလို မရှက်သင့်တဲ့ နေရာမှာ ရှက်နေကြလို့ အမှားတွေနဲ့ ရင်ဆိုင်နေရတဲ့ မိန်းမသား တွေလည်း ရှိပါတယ်။

တကယ်တော့ ယောကျ်ားမိန်းမ ဆိုပြီး ကမ္ဘာဦး ကတည်းက သတ်မှတ်ခဲ့လို့သာ ကွဲပြာသွား ကြပေမဲ့ ခြေလက်အင်္ဂါနဲ့ ခေါင်းတလုံး ပါကြတာ အတူတူပဲလေ။ ခွန်အားနေရာမှာ ကွဲပြားသွားပေမဲ့ ဉာဏ်ပညာ နေရာမှာတော့ မိန်းမသားတွေ အနေနဲ့ ကြိုးစားရင် ကြိုးစားသလောက် ယောကျ်ားတွေကို ရင်ဘောင်တန်း နိုင်ပါတယ်။

တခုပေါ့ မိန်းမသားတွေ အနေနဲ့ ယောကျ်ားသားတွေ ထက်တော့ အရှက်သိက္ခာ ပိုထိန်းရမယ်ဆိုတာ မွေးရာက ပါလာတဲ့ အမွေ ဖြစ်ပါတယ်။ ကျမတို့ မိန်းမတွေမှာ ထမရှက်ရဲလို့ ထိုင်ရှက် နေရတဲ့ နေရာတွေ အများကြီး ရှိသလို ပြဿနာတွေလည်း ရှိပါတယ်။

ဒီကြားထဲက လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ဆက်ဆံတဲ့ နေရာမှာ နေရာတကာ အရှက်အကြောက်ဆိုတာ ထားနေစရာ မလိုအပ်ပါဘူး။ ကြိုက်ရင်ကြိုက် မကြိုက်ရင် နေပါစေ မှန်နေတဲ့ နေရာမှာတော့ အကြောက်တရားကြောင့် အမှား မလုပ်နိုင်ဘူး။

ကိုယ့်ရဲ့ ကြောက်စိတ်ဆိုတဲ့ စည်းကြောင့် ဖြစ်သွားတဲ့အမှား ဘယ်သူမှ တာဝန်ယူ မပေးဘူး ကိုယ်ပဲ ဖြေရှင်းရမှာ။ ဒါကြောင့် ဘယ်သူ ဘယ်လို ထင်မြင်ပါစေ အကြောက်တရားကို နေရာတကာ မထားနိုင် ပါဘူး။

မိန်းကလေးဆိုတာ အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး အရှက်နဲ့ လူလုပ်နေကြတာ ဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ ကိုယ်ကျင့်သိက္ခာကို ထိပါးလာရင် ဘယ်နေရာ ဘယ်ဒေသမှ မရှောင်ဘူး။ အရှက်ဆိုတာလည်း ထိန်းထားမနေဘူး ထိထိ ရောက်ရောက် ပြန်တုန့်ပစ်လိုက် မှာပဲ။

အရှက် ဆိုတာကို အသက်နဲ့ ကာကွယ်ရမယ် ဆိုတာ ဒါကို ပြောတာ။ နေရာ တကာ ရှက်ကြောက်နေဖို့ ပြောတာ မဟုတ်ဘူး။ ဥပမာ ဆွေးမျိုးသားချင်း အမျိုးသား တယောက်က တူမအရင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြံစည်တယ် ဆိုပါစို့။

ရှက်လို့ ပြန်မတုန့်ပြန်ပဲ မိမိအသက်ကို ပေးဆပ်လိုက်တဲ့ အမှားတွေ အများကြီး ရှိပါတယ်။ ဖြစ်သင့်လား ဘာရှက် နေရမှာလဲ။ ကိုယ့်အသက် ဘာလို့ ပေးရမှာလဲ။ အသက်ခြင်း လဲပစ်လိုက်မှာပေါ့။

မိန်းမ မပီသဘူး မိန်းမရိုင်းလို့ ပြောပြော မှန်တယ် ထင်တဲ့ နေရာမှာ အရှက်တရားလည်း မထားနိုင်ပါဘူး အကြောက် တရားလည်း မရှိနိုင်ဘူး ပြန်ပြောမှာပဲ။ ဆတ်ဆတ်ထိ မခံဘူးလို့ အပြစ်ဆိုလည်း ကိုယ့်ဖက်က မှန်နေရင် ဘယ်လိုလူပဲ ဖြစ်ဖြစ် ပြန်တုန့်ပြန်ရဲတယ်။

အရှက်နဲ့ လူလုပ်တာ ဆိုပြီး ခေါင်းငုံ့ခံ နေမဲ့အစား ကိုယ်မှန်နေတဲ့ နေရာမှာတော့ ပြောသင့်ရင် ပြန်ပြောမှာပဲ ရှက်စရာကောင်းတဲ့ အလုပ် မလုပ်ဘူး လော်မာတတ်သူ မဖြစ်ရင် ပြီးရောလေ။ မိန်းကလေးဆိုတာ အကြောက်တရား ရှိရတယ် လာမပြောနဲ့။ မသွားသင့်တဲ့ နေရာ မသွားရဲတဲ့ ကြောက်စိတ်တော့ ရှိတယ်။

ကိုယ်နဲ့ မသိတဲ့အလုပ် မဆိုင်တဲ့ အမှားတွေကို အကြောက်တရားနဲ့ ရောချ ပစ်တာမျိုး ဘယ်သောအခါမှ မလုပ်ဘူး။ ကိုယ်တိုင်လည်း မိန်းမတယောက်မှာ ရှိသင့်တဲ့ အရှက်အကြောက် ဆိုတာ လက်ကိုင်ထား ပါတယ်။

သို့သော် မိန်းကလေးလည်း လူထဲက လူပါ။ နေရာတကာ အရှက်အကြောက် ဆိုတဲ့ အရာနဲ့တော့ လူဖြစ် မရှုံး ပါရစေနဲ့။

ပတ်ဝန်းကျင်ဆိုတာ သူတို့ထမင်း သူတို့စားပြီး ကိုယ့်ကို ဝေဖန်ရုံပဲ တတ်နိုင်မယ်။ ကိုယ့်သမိုင်း သူတို့လာရေးခွင့် မရှိပါဘူး။ ဒါကြောင့် ကိုယ့်ထမင်း ကိုယ်စား ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ရိုးသားစွာ ရှင်သန်ခြင်းနဲ့ ကိုယ့်သမိုင်းကိုယ် ရေးလိုက်ပါမယ်။ MayNoe

Post a Comment

0 Comments