သစ်သားပန်းကန်လုံးလေး

တခါတုန်းက အသက်ကြီးလွန်းသဖြင့် အားနည်းကာ လက်တုန်ခြေတုန် ဖြစ်နေသော အဘိုးအိုတဦးသည် သူ၏ သား၊ ချွေးမ၊ လေးနှစ်အရွယ် မြေးလေး တို့နှင့် အတူနေသည်။

ဒီနှစ်ပိုင်းအတွင်း အဘိုးအို၏ လက်များ တုန်လာသည်၊ သူ၏ မျက်စိ မှုန်ဝါးသွားသည်၊ သူ၏ ခြေလှမ်းများလည်း နှေးကွေးသွားသည်။ တောင်ဝှေးမပါပဲ ဘယ်မှမသွားနိုင်တော့။

မူလက ထမင်းစားစားပွဲပေါ်မှာ မိသားစုလိုက် ပျော်ရွှင်စွာ ထမင်းအတူစားကြသည်။ ဒါပေမယ့် အသက်အရွယ်ကြောင့် အဖိုးအိုရဲ့ လက်တွေ တုန်ယင်လာပြီး အမြင်အာရုံချို့တဲ့မှုက စားသောက် ရာမှာ ခက်ခဲလာခဲ့သည်။

ဇွန်းနဲ့ ခပ်လိုက်တဲ့ အစားအစာတွေ စားပွဲပေါ် ကြမ်းပြင်ပေါ် ကျကုန်သည်။ သူကိုင်ထားတဲ့ ပန်းကန်တွေ၊ ဖန်ခွက်တွေ လွတ်ကျကာ ကွဲကုန်ခြင်း၊ စားပွဲခင်းပေါ် နွားနို့များ၊ ဟင်းရည်များ ပေပွခြင်းတို့ဖြစ်လာသည်။

သားနှင့် ချွေးမသည် ရှုပ်ပွမှု များကြောင့် စိတ်ညစ်လာ ကြသည်၊ ဒေါသထွက် လာကြသည်။ "ငါတို့၊ အဖေနဲ့ ပတ်သက်ပြီးတခုခု လုပ်မှရမယ်" ဟု သားဖြစ်သူက ဆိုသည်။ "သူဖိတ်ကျ ထားတဲ့ နို့တွေ၊ အစာတွေ ကြမ်းပြင်ပေါ်မှာ ပုံနေတာပဲ တော်လောက်ပါပြီကွာ"

ဒါနဲ့ပဲ လင်မယားနှစ်ယောက် တိုင်ပင်ပြီး စားပွဲ သေးသေးလေး တလုံးကို ထမင်းစားခန်း ထောင့်နားမှာ ထားလိုက်သည်။ အဲဒီမှာ အဖိုးက တယောက်တည်း ထိုင်စားရပြီး ကျန်တဲ့ မိသားစုက ညစာအတူ စားကြသည်။

အဘိုးတဦးတည်း စားရင်း ပန်းကန်နှစ်လုံး၊ သုံးလုံး ကွဲသွားသောအခါ သူ့ကို သစ်သားပန်းကန်လုံး တလုံးဖြင့်သာ ထမင်းဟင်း ပုံပေးပြီး စားသောက် စေခဲ့သည်။

တခါတရံ မိသားစုသည် အဘိုးအိုအား ကြည့်မိလျှင် သူတယောက်တည်း ထိုင်စားနေစဉ် သူ၏ မျက်လုံးများတွင် မျက်ရည်ဝဲ နေသည်ကို တွေ့ရပေမည်။

သို့တိုင် သူ့အတွက် တခုတည်းသော ကြားနေကြ စကားမှာ ဇွန်း၊ ခရင်းများ သို့မဟုတ် အစားအစာများ ဖိတ်ကျချိန်တွင် ပြောကြသည့် ပြတ်သားသေ ာသတိပေးချက်များသာ ဖြစ်သည်။ လေးနှစ်အရွယ် ကလေးငယ်က အရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်ရှု သင်ယူနေသည်။

ညစာမစားခင် ညနေခင်းလေး တခုမှာ အဖေက သူ့သား ကြမ်းပြင်ပေါ်မှာ သစ်သားစတွေနဲ့ ကစားနေတာကို သတိထားမိ လိုက်သည်။ ဖခင်က ကလေးလေးကို "သား၊ ဘာလုပ်နေတာလဲ" ဟု မေးသည်။

ကလေးက ပြုံးပျော်စွာပင် "အိုး၊ သားကြီးလာလို့ အဖေနဲ့ အမေတို့ အဖိုးကြီး၊ အဖွားကြီး ဖြစ်လာရင် စားဖို့ ပန်းကန်လုံးလေး‌တွေ လုပ်နေတာပါ" လို့ ပြောပြီး ကလေးက သူ့အလုပ်သူ ပြန်လုပ်နေသည်။

ထိုစကားများအတွက် မိဘနှစ်ပါးစလုံး စိတ်ထိခိုက်သွားပြီး ပြန်ပြောရန် စကားမရှိတာ့ပါ။ ထို့နောက် သူတို့၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ စကားတခွန်းမှ မပြောဖြစ် ခဲ့သော်လည်း နှစ်ယောက်စလုံး ဘာလုပ်ရမယ် ဆိုတာကို သိသွားကြသည်။

ထိုညနေက စ၍ ခင်ပွန်းသည်သည် အဖိုး၏ လက်ကို ဆွဲ၍ မိသားစု ထမင်းစားပွဲသို့ ညင်သာစွာ ခေါ်ခဲ့သည်။ အဖိုးမှာ သူ၏ ကျန်ရှိသော နေ့ရက်တိုင်းကို မိသားစုနှင့် အတူ ထမင်းစားခဲ့ ရသည်။

အဖိုး၏ ဇွန်း၊ ခရင်း ပြုတ်ကျခြင်း၊ ထမင်းဟင်း ဖိတ်ကျခြင်း (သို့) စားပွဲခင်း ညစ်ပေခြင်းတို့ကို အပြစ်ပြောမည့်သူ မရှိတော့ပေ။

ကလေးများကို အထင်မသေးပါနှင့်။ သူတို့သည် ကောင်းကောင်း သိမြင်နိုင်စွမ်း ရှိသည်။ သူတို့၏ မျက်လုံးများသည် အမြဲကြည့်နေသည်၊ သူတို့၏ နားများကို အမြဲ စွင့်ထားသည်၊ သူတို့သည် အမြဲသင်ယူ နေကြသည်။

သူတို့က မိသားစုဝင်တွေရဲ့ စိတ်ရှည်မှု၊ ပျော်ရွှင်စရာ အိမ်ပတ်ဝန်းကျင်ကို မြင်ရင် သူတို့က အဲဒီသဘောထားကို သူတို့ တသက်လုံး အတုယူ ပါလိမ့်မည်။

လိမ္မာသော မိဘသည် နေ့စဉ်နှင့် အမျှ ကလေးများ၏ အနာဂတ်အတွက် အုတ်မြစ်ချပေး နေရသည်ကို နားလည်ပေသည်။ သားသမီး၏ စံပြပုဂ္ဂိုလ်များ ဖြစ်အောင် နေကြပါစို့။ ကလေးများသည် ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်သည်။ Crd

Post a Comment

0 Comments