ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်အိမ်ကို ကျွန်တော့် သူငယ်ချင်းတယောက် လာလည်တယ်။ ကျွန်တော်တို့ ကော်ဖီသောက်၊ စကားပြောနေကြရင်းနဲ့ ကျွန်တော်က "ငါပန်းကန်ခဏ သွားဆေးလိုက်ဦးမယ်၊ ပြန်လာခဲ့မယ်" လို့ ပြောလိုက်တယ်။
အဲဒီအခါ သူက ကျွန်တော့်ကို အံ့သြပြီး ကြည့်တယ်။ ပြီးတော့ သူက "မင်းမိန်းမကို မင်းကူညီပေးတာ ကောင်းပါတယ်။ ငါကတော့ ငါ့မိန်းမကို မကူဘူး၊ ကူရင်လည်း ငါ့မိန်းမက ကျေးဇူးတင်ပုံ မရပါဘူး။ ပြီးခဲ့တဲ့ အပတ်က ငါကြမ်းတိုက်ပေးတာ သူက ကျေးဇူးတင်ပါတယ်လို့ တခွန်းတောင် မပြောဘူး" လို့ ပြောတယ်။
အဲဒါနဲ့ ကျွန်တော် ပန်းကန်မဆေးသေးပဲ သူနဲ့ခဏ ပြန်ထိုင်ပြီး စကားပြောတယ်။ "သူငယ်ချင်း ငါက ငါ့မိန်းမကို ကူညီတာ မဟုတ်ဘူး။ တကယ်တော့ သူကလည်း အကူ လိုတာ မဟုတ်ဘူး။ သူက လက်တွဲဖော် (partner) လိုတာ ငါက ဒီအိမ်မှာ ဒီမိသားစုမှာ သူ့ partner ပဲ။
လူတွေက ဘယ်လိုပဲ သတ်မှတ် သတ်မှတ် ယောက်ျားတယောက် အိမ်အလုပ် လုပ်တယ် ဆိုတာနဲ့ မိန်းမကို ကူတယ်လို့ ငါတို့ သတ်မှတ်လို့ မရဘူး။ တအိမ်လုံး အလုပ်တွေ သူတယောက်ထဲ အကုန် လုပ်ရမယ်ဆို မျှတပါ့မလားကွာ။
ငါ့မိန်းမကို အိမ်ရှင်းကူတာ မဟုတ်ဘူး။ ဒီအိမ်မှာ ငါလည်း နေလို့၊ ငါလည်း အိမ်ရှင်းသင့်လို့ ရှင်းတာ။ ငါ့မိန်းမကို ထမင်းဟင်း ချက်ကူတာ မဟုတ်ဘူး။ ငါလဲ စားချင်လို့ ချက်တာ။ ငါ့မိန်းမကို ပန်းကန်ဆေး ကူတာ မဟုတ်ဘူး။ ငါလဲ ဒီပန်းကန်တွေသုံးထားလို့ ဆေးတာ။
ငါ့မိန်းမကို ကလေးထိန်း ကူတာမဟုတ်ဘူး။ ဒီကလေးတွေက ငါ့ကလေးတွေမို့ ငါထိန်းတာ။ ငါက သူတို့အဖေလေ။ ငါ့မိန်းမကို အဝတ်လျှော် မီးပူတိုက် ကူတာလဲ မဟုတ်ဘူး။ ဒီအဝတ်တွေဟာ ငါနဲ့ ငါ့ကလေးတွေရဲ့ အဝတ်တွေလဲ အများကြီး ပါနေလို့ ငါလုပ်တာ။
ငါ အိမ်မှာ ကူပေးနေတာ မဟုတ်ဘူး။ ဒါက ငါ့အိမ်၊ ငါ့မိသားစုမို့ ငါလုပ်နေတာ။ မင်းမိန်းမက မင်းကို ကျေးဇူးမတင်ဘူး ဆိုတဲ့ကိစ္စ။
မင်းမိန်းမ အဝတ်လျှော်ပြီး၊ အိမ်ရှင်းပြီး၊ ကလေး ရေချိုးပေးပြီး၊ ဟင်းချက်ပေးပြီးတိုင်းမှာ မင်းကော ကျေးဇူးတင်ပါတယ် ပြောမိသလား။ ဘယ်တုန်းက နောက်ဆုံး ပြောထားတာလဲ။
ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားမျိုး အတိအကျမ ဟုတ်ပေမယ့် "ဟား အရမ်းတော်တာပဲ" ဆိုတာမျိုးပေါ့။ သူ့ကို ဒါတွေအတွက် ကျေးဇူးတင်ရမယ် ဆိုတာ မင်းအတွက် ဆန်းပြားနေသလား။ မင်းတောင် တခါတလေ ကြမ်းတိုက်ပေးတာကို ကျေးဇူးတင် ခံချင်နေသေးတာကွာ။
အဲဒါက ငါတို့ရဲ့ "ငါယောက်ျားကွ ဒါတွေက မိန်းမအလုပ်" လို့ တွေးထားမိတဲ့ စိတ်ကြောင့် ဖြစ်နေတာ ဖြစ်မယ်။ ဒီအလုပ်တွေက အိမ်ဦးနတ်တွေ လုပ်စရာ မလိုဘူးလို့ အမြဲထင်မြင်နေကြလို့ ဖြစ်နေတာ။
မင်း ကြမ်းတိုက်တုန်းက ကျေးဇူးတင်၊ အချီးကျူး ခံချင်သလိုမျိုး မင်းမိန်းမကို ချီးကျူးလိုက်ပါ။ တကယ့်ဘဝလက်တွဲဖော် အစစ်တွေလို အရာအားလုံး ညီတူညီမျှ ခွဲဝေလုပ်ကိုင် ပေးလိုက်ပါ။
အိမ်မှာ ခဏလာတဲ့ ဧည့်သည်လို အိပ်လိုက်၊ စားလိုက်၊ ရေချိုးလိုက်၊ သွားလိုက်လာလိုက် မလုပ်ပါနဲ့။ အဲဒါ မင်းအိမ်ပါ" လို့ ကျွန်တော် ပြောလိုက်တယ်။
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်း တခုလုံး ပြောင်းလဲဖို့ ဆိုတာ ကျွန်တော်တို့အိမ် ကျွန်တော်တို့ မိသားစုကနေ စရမှာပါ။ ကျွန်တော်တို့ သားသမီးတွေကိုလဲ ဒါတွေ သင်ပေးကြရအောင်။ ပျော်ရွှင်စရာ မိသားစုလေး ပိုင်ဆိုင်နိုင်ကြပါစေ။ Crd
0 Comments