အထင်အမြင် မလွဲကြပါနဲ့

တခါတုန်းက ဆင်းရဲသားရပ်ကွက်ထဲကို အပျိုကြီးတယောက် အိမ်ပြောင်းလာတယ်။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့ မိသားစုလေးတစု ရှိပါတယ်။ မုဆိုးမတယောက်နဲ့ သူ့ကလေး နှစ်ယောက်ပေါ့။

အပျိုကြီးက "မတတ်နိုင်ဘူးလေ ဒီနေရာ ရောက်မှတော့ ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့" လို့ သူ့ဘာသာ တွေးပြီး စိတ်ပျက် သွားမိတယ်။

အဲ့ဒီညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင် ထွန်းဖို သူ့ဖယောင်းတိုင်ထုပ်ကို လိုက်ရှာတာပေါ့။ ခဏနေတော့ သူရှာတွေ့ သွားတယ်။

တွေ့ပြီးတော့ သိပ်မကြာပါဘူး တစုံတယောက်က သူ့အိမ်တံခါး လာခေါက်တာကို ကြားလိုက်မိတယ်။ တံခါးကို ဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ် တယောက်က စိတ်လှုပ်ရှားတဲ့ အသံနဲ့ "အန်တီ အန်တီတို့ အိမ်မှာ ဖယောင်းတိုင် ရှိလား" လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း ဆင်းရဲလွန်းလို ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလားနော်။ ဒါပေမယ့် ခဏခဏ လာတောင်းနေမှာ စိုးရတယ်။ ပေးလို့ မဖြစ်ဘူး" လို့ တွေးပြီး "မရှိဘူး" လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး "ထင်သားပဲ အန်တီက အခုမှ အိမ်ပြောင်းလာတာ ဆိုတော့ ဖယောင်းတိုင် မပါလောက် ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီ ကြောက်နေမှာစိုးလို သမီးက ဖယောင်းတိုင် လာပို့တာ" လို့ ပြောပြီး အဖာတွေ ထပ်နေတဲ့အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမှ ပြန်မပြောနိုင်အောင် ဆွံ့အ သွားခဲ့တယ်။ ကိုယ့်ထက်သာ မနာလို၊ ကိုယ့်ထက် နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူ အဖို့ကတော့ အထင်နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့ အရေးကြီးတယ်။ ငွေချမ်းသာဖို့ထက် စိတ်စေတနာ ချမ်းသာဖို့ အရေးကြီးတယ်။ ချမ်းသာပေမယ့် ယူသောလက် ဖြစ်နေတတ်တယ်။ ဆင်းရဲပေမယ့် ပေးသောလက်လည်း ဖြစ်နိုင်တယ်။

ပေးသောလက် ဖြစ်ဖို့ ငွေချမ်းသာဖို့ မလိုဘူး၊ မြင့်မြတ်တဲ့ စိတ်ထား ရှိဖို့သာ လိုတယ်။ မြင့်မြတ်သောစိတ် အသိဉာဏ်ပညာ မပါပဲ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာသူ တချိုမှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာ ကြတယ်။

ဂရုဏာတရားတွေ ပျောက်ကွယ်လာ ကြတယ်။ သံသယ မျက်လုံးတွေနဲ့ ကြည့်တတ်လာ ကြတယ်။ လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ ကွယ်ပျောက်လာတတ် ကြတယ်။

ကျွန်တော်တို့ နေနေတဲ့ လူ့ပတ်ဝန်းကျင်ကြီးက ငွေရှိမှ လူရာဝင် ငွေမရှိလို့ကတော့ အသက်ရှူတာတောင် အပစ်မလွတ်ဘူး။ စားနိုင်သောက်နိုင်သူကို ပိုကျွေးချင်ကြပြီး ငတ်ပြတ်နေတဲ့ သူကိုတော့ စေတနာ မထားတတ်ကြတာ သဘာဝလို ဖြစ်နေကြပါပြီ။ လူတိုင်းတော့ မဟုတ်ပါဘူး။ Crd

Post a Comment

0 Comments