သာယာသော နေ့တနေ့တွင် ဖြစ်သည်။ လေးသည်တော်တဦးသည် လောင်ဇူးရှေ့ကို ရောက်လာပြီး
"ဆရာ၊ ကျွန်ုပ် လေးအစွမ်းကို ပြလိုပါသည်"
"ပြလော့"
လေးသည်တော်က ရေအပြည့် ထည့်ထားသော ခွက်ကို သူ၏ လက်ဖျံပေါ် တင်ထားပြီး လေးကိုဆွဲကာ မြားကို တစင်းပြီး တစင်း ပစ်ပြလေသည်။
သူ့လက်ဖျံပေါ်တွင် တင်ထားသော ရေခွက်သည် မှောက်လည်းမကျ ရေလည်း တစက်မျှမဖိတ်၊ ပစ်မှတ်ကိုလည်း မလွဲထိလေသည်။
လေးသည်တော်က ဂုဏ်ယူစွာဖြင့် ဆရာဖြစ်သူကို "ဆရာ တပည့်အစွမ်းကို မြင်ပြီလော" ဟု မေးလိုက်လေသည်။ ဆရာက သူ့တပည့်ကိုပြုံးပြီး ကြည့်လိုက်သည်။
ထို့နောက် "တပည့် မြေပြင်ပေါ်တွင် သင့်လေးအစွမ်းကား ထူးဆန်းသည်ဟု မထင်။ ဟိုး တောင်အစွန်းပေါ်တွင် သင့်လေးစွမ်း ပြနိုင်လျှင် သင့်ကို ငါချီးကျူးမိမည်"
"ဆရာသခင် လေးပစ်သည်မှာ တောင်ပေါ်တွင် ပစ်သည်ဖြစ်စေ၊ တောင်အောက်တွင် ပစ်သည်ဖြစ်စေ အတူတူပင် မဟုတ်လော"
"သင်က ထိုသို့ယူဆလျှင် တောင်စွန်းပေါ်တက်ကာ သင့်လေးအစွမ်းကို ပြသင့်သည်"
"ဆရာ ကြည့်လော့"
တပည့်ဖြစ်သူက အနီးတွင်ရှိသော မြင်းပေါ်ကို ခုန်တက်လိုက်ပြီး မြင်းကို ဒုန်းစိုင်းစီးကာ ပစ်မှတ်ကို မလွဲတန်း ပစ်ပြပြန်သည်။ မြင်းပေါ်က ခုန်ဆင်းလိုက်ပြီးနောက်
"ဆရာ တပည့်သည် လှုပ်ရှားနေသည့် အချိန်မှာပင် ပစ်မှတ်ကို မလွဲပစ်နိုင်ပါသည်။ ဆရာပြောသည့် တောင်ပေါ်တွင် ပစ်ရမည်မှာ အသေးအမွှားသာ ဖြစ်သည်"
"ကောင်းပြီ မနက်ဖြန် သင်နှင့်ငါ တောင်ပေါ်ကို တက်ကာ သင့်လေးအစွမ်းကို ကြည့်မည်"
နောက်တနေ့တွင် ဆရာတပည့်နှစ်ယောက် တောင်ပေါ်ကို တက်ကြသည်။ တောင်သည် အတော်လေး မြင့်သည်။ တောင်ပေါ်သို့ရောက်သည့်ခါတွင် ဆရာဖြစ်သူက
"တပည့် တောင်အစွန်းကိုသွားလော့ သင်လေးအစွမ်းကို ငါကြည့်မည်"
တပည့်ဖြစ်သူက လေးနှင့် မြားကိုယူကာ တောင်အစွန်းကို သွားသည်။ အစွန်းကို ရောက်သည့် အခါတွင်
"ဆရာ၊ တပည့်မည်သည့်နေရာကို ပစ်ရမည်နည်း"
"အောက်ကို ပစ်ရမည် သင့်အောက်ကို ငုံ့ကြည့်ပြီး ပစ်လော့"
တပည့်ဖြစ်သူက တောင်အောက်ကို ငုံ့ကြည့်လိုက်သည်။ ကြောက်ဒူးတွေ အလိုလို တုန်လာသည်။ ကြက်သီးမွေးညင်းတွေ ထလာပြီး အေးခနဲ စိမ့်ခနဲ ဖြစ်လာသည်။ သူလက်ထဲတွင် ကိုင်ထားသော လေးနှင့်မြားကို မြှောက် တင်၍ မရနိုင်လောက်အောင်ဖြစ်လာသည်။
ဆရာက ရယ်ပြီး "ပစ်လော့" ဟု ပြောလိုက်သည်။ သို့သော် တပည့်ဖြစ်သူမှာ သူ့ကိုယ်သူပင် မနည်း ဆောက်တည်နေရပြီး ဆရာရှိရာကို ဖြည်းဖြည်းလေး ပြန်လာသည်။ "ဆရာ တပည့် မပစ်နိုင်ပါ"
"ငါ့တပည့် လေးသည်တော်အစစ် ဆိုသည်မှာ မည်သည့် အနေအထားတွင် ရှိနေသည်ဖြစ်စေ ပစ်မှတ်ကို ပစ်နိုင်ရမည်။ အရေးကြီးသည်မှာ စိတ်ဖြစ်သည်။ ကိုယ့်စိတ်ကို မည်သည့် အနေအထားတွင်မဆို တည်ငြိမ်အောင် ထားကာ ပစ်နိုင်မှ လေးသည်တော်ဟု ဆိုနိုင်သည်။
အမြင့်ရောက်လေ စိတ်ကို ငြိမ်အောင် ထိန်းနိုင်လေ ဖြစ်ရမည်။ အမြင့်ရောက်ပြီး အောက်ကို ငုံ့မကြည့်ဝံ့သော သင့်ကို အဘယ်မှာလျှင် လေးသည်တော်ဟု ဆိုနိုင်ပါအံ့နည်း"
လောင်ဇူးက တပည့်ဖြစ်သူ လေးသည်တော်ကို ဆုံးမသည်မှာ လမ်းလျှောက်ကောင်းသူမှာ ခြေရာမကျန်ခဲ့ရပါ၊ အပြောကောင်းသူမှာ အမှား မကျန်ခဲ့ရပါ၊ အတွက်ကောင်းသူမှာ ပေသီးမလိုပါ၊ အပိတ်ကောင်းသူမှာ သော့မလိုပါ၊ သူပိတ်ထားသည်ကိုလည်း မည်သူမျှ မဖွင့်နိုင်ပါ။ (Ref: Showing Off, Lao Tzu) တင်ညွန့်
0 Comments