ညတညရဲ့ အဖြစ်အပျက်လေး တခုပါ။ ကျနော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ်။ အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို
ကျွန်တော်သေချာ ကြည့်နေရင်းကနေ အတွေးတချို့ ဝင်လာပြီး ကျွန်တော် တယောက်ထဲ ကျွန်တော့ဘာသာ တွေးနေမိတယ်။ မိန်းကလေး ဆိုတာ ဘယ်လိုပါလိမ့်။
ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်။ အခုကျ တချက်ထဲ ရုတ်တရက်မှာပဲ သိတောင် မသိထားတဲ့ သူစိမ်းတယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ်။
ကျွန်တော့ကြောင့် တသက်လုံး အတူနေလာတဲ့ မိဘတွေကို စွန့်ခွာလာတယ်။ ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုပြီးရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ်။ ပြီးတော့ ကျွန်တော့ကိုယ်ကျွန်တော် မေးခွန်းအချို့ မေးနေမိတယ်။
ဘယ်လိုဖြစ်လို့ တချို့လူတွေက မသနား မညှာမတာ မိမိရဲ့ ဇနီး မိန်းမကို ရိုက်နှက်နိုင်နေကြတာလဲ။ ဘယ်လိုဖြစ်လို့ တချို့လူတွေက နှစ်ဘဝအတွက် ရည်ရွယ်ပြီး လာခဲ့သူကို တဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ။
ဘယ်လိုဖြစ်လို့ တချို့လူတွေက မိန်းမနဲ့ သားသမီးတွေကို အိမ်မှာထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေကြပြီး၊ တနေ့လုံး ယောက်ျားလာမှ အတူတူစားမယ် ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ။
ဘယ်လိုဖြစ်လို့ တချို့တချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လို လုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံး အိမ်သာလို လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား ဖြစ်နေရတာလဲ။
ဘယ်လိုဖြစ်လို့ တချို့တချို့တွေက မိမိဇနီးကို မျက်ရည်စတွေနဲ့ ညတွေကို ဖြတ်သန်းစေနေတာလဲ။ တချို့တချို့က မိန်းမ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးလိုက်နေ ကြတယ်။
မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှုဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာ့ကြောင့်လဲ။ ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူ ကြတော့တာလဲ။ ပြေးမယ်ဆိုလည်း ပြေး၊ ဘယ်အထိ ပြေးကြမလဲ။
ဒီလိုတွေးပြီး နောက်ဆုံး အဲ့ဒီညမှာ ကျွန်တော် တွေးလိုက်တယ်။ ကျွန်တော့မှာ အမေ ရှိတယ်။ ကျွန်တော့မှာ မိန်းမလည်း ရှိတယ်။ ကျွန်တော် သူတို့နှစ်ယောက်စလုံးကို ဂုဏ်ယူလေးစား သင့်တယ်။ မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်းပေါ့။
ဘာ့ကြောင့်လဲဆိုရင် သူတို့နှစ်ယောက်ထဲက တယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကကို ခေါ်ဆောင်လာခဲ့တယ်။ နောက်တယောက်က တလောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့သူပါ။
အမေ ဆိုတာလည်း တချိန်က မိန်းမဖြစ်ခဲ့တယ်။ လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာကလည်း တချိန်မှာ အမေဖြစ်ဦးမှာမို့ အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုး ထားကြပါ။ နားလည် နိုင်ကြပါစေ။ မိသားစုတိုင်း မိသားစုတိုင်း တဦးနဲ့တဦး ချစ်ချစ်ခင်ခင် တသက်တာ ပျော်ရွှင်စွာ နေသွားကြရပါစေ။ Crd
0 Comments