အားနည်းချက်နှင့် အားသာချက်

တခါက ခြင်္သေ့တကောင်ဟာ ရေစပ်မှာ ရေသောက်နေတဲ့ သမင်တကောင်ကို လိုက်ရင်း လွတ်သွားခဲ့တယ်။ ဒါကို ကောင်းကင်မှာ ဝဲမှာနေတဲ့ သိန်းငှက်တကောင်က မြင်တော့ ခြင်္သေ့ကို ပြောတယ်။

"ဒီမှာ အဆွေ၊ အဆွေမှာ ကြံ့ခိုင်သန်စွမ်းတဲ့ ခြေတွေလက်တွေ ရှိတယ်။ ပြည့်ဝတဲ့ ခွန်အားတွေ ရှိတယ်။ အစွမ်းထက် လှတဲ့ ခြေသည်း လက်သည်းတွေ ရှိတယ်။

ဒါပေမယ့် ကျုပ်လို မပျံသန်းနိုင်တော့ အခုလို မျက်ခြေ ပြတ်သွားတဲ့ သားကောင်ကို အဆွေ ရှာမတွေ့တော့ ဖူးပေါ့။ ကျုပ်ဆို ခဏလေး ကောင်းကင်ပေါ် ဝဲလိုက်တာနဲ့ သားကောင်ကို မြင်နိုင်စွမ်း ရှိတယ်"

ခြင်္သေ့က ဘာမှမပြောပဲ ရေထဲ ဆင်းသွားတယ်။ ပြီးတော့ ပြောတယ်။

"အဆွေသိန်းငှက် ကျုပ်လို ရေထဲ ဆင်းပြပါ" ဆိုတော့ သိန်းငှက်က

"ကျုပ် ရေနေသတ္တဝါ မဟုတ်ပါဘူး။ ကျုပ်အတောင်တွေ ရေစိုသွားရင် ပျံသန်းရ ခက်တယ်" လို့ ပြန်ပြောတယ်။

ထိုအခါ ခြင်္သေ့က အခုလို ပြောပါတယ်။ "ဒီသဘောတရားကို သိရင်ရပြီ အဆွေသိန်းငှက်။ လောကမှာ အလွယ်ကူဆုံးက သူတပါးရဲ့ အပြစ်ကို ကြည့်တတ်ခြင်း ဖြစ်ပြီး အခက်ခဲဆုံးက ကိုယ့်ကိုယ်ကို နားလည်ခြင်း ဖြစ်တယ်။

တချို့ က သူတပါးရဲ့ အပြစ်နဲ့ အားနည်းချက်ကို သိတယ်၊ ကိုယ့်ရဲ့ အားနည်းချက် အပြစ်ကို မေ့နေကြတယ်။

တချို့က သူ့တပါးရဲ့ စွမ်းအင်ကို အားကျ ကြတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို လျစ်လျူရှု ထားကြတယ်။

ကျုပ်က တောဘုရင် ခြင်္သေ့။ ဒါပေမယ့် ကျုပ်ရဲ့ လည်ဆံမွှေးထဲက သန်းကို ကျုပ်မနိုင်ဘူး။ ဘဝမှာ တခါတလေ ကိုယ့်ရဲ့အားနည်းချက်ကို သိသော်ငြားလည်း ဖြည့်ဆည်းရန် ခက်တယ်။

အဆွေသိန်းငှက် ပြောသလိုပေါ့၊ ကျုပ်သာ ခင်ဗျာလို ပျံသန်းနိုင်ရင် တောဘုရင် ဘယ်ဟုတ်တော့မလဲဗျာ"

လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ရဲ့ အားနည်းချက် အတွက် စိတ်ပျက်အားငယ် မနေဘဲ အားသာချက်ကို အကောင်းဆုံး အသုံးချလိုက်ကြပါစို့။ Crd

Post a Comment

0 Comments