အားနည်းချက်တွေရှိရင် မအောင်မြင်နိုင်ဘူးတဲ့လား

"ငါက သူများတွေလို အင်္ဂလိပ်စာလည်း မတတ်ဘူး၊ ဘွဲ့ဆိုလည်း မရခဲ့ဘူး၊ ဒီတသတ်တော့ အောင်မြင်မယ် မထင်တော့ ပါဘူးကွာ" ဆိုပြီး သူငယ်ချင်း တယောက်က သူ့အားနည်းချက်တွေကို ရင်ဖွင့်လာပါတယ်။

အင်္ဂလိပ်စာ မတတ်တိုင်း၊ ဘွဲ့မရတိုင်း ဘဝမှာ လူချမ်းသာတယောက် မဖြစ်နိုင်တော့ ဘူးလားဗျာ။ ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ အောင်မြင်နေတဲ့ လူတွေ အများကြီး ရှိသလို ဘွဲ့မရဘဲနဲ့ (ဘီလ်ဂိတ်တို့လို မက်ခ်ဇူကာဘတ် တို့လို) ချမ်းသာနေတဲ့ သူတွေလည်း တပုံတပင် ပါပဲ။

ကဲ ဒါဆို ဥပမာတခု ပေးကြည့် ရအောင်ဗျာ။ ဟိမဝန္တာ တောနတ်ကြီးထဲမှာ ကိုယ်ခန္ဓာ အကြီးဆုံး သတ္တဝါကတော့ ဆင်ပါ။ အပြေးအမြန်ဆုံး သတ္တဝါကတော့ ကျားသစ်နော်။ အရပ်အရှည်ဆုံး သတ္တဝါကလည်း သစ်ကုလားအုတ်ပါပဲ။

ဒါပေမယ့် တောသုံးတန်၊ တောင်သုံးတန်ကို အုပ်ချုပ်နေတဲ့ သတ္တဝါက ဆင်လည်း မဟုတ်သလို၊ ကျားသစ်လည်း မဟုတ်ဖူး နော်။ အားလုံးသိတဲ့ တောဘုရင်က ခြင်္သေ့ ပါပဲ။

ခြင်္သေ့ ဟိန်းလိုက်မယ် ဆိုရင် ကျန်တဲ့အကောင်တွေ ဖိန့်ဖိန့် တုန်အောင် ကြောက်ကြတယ်။ အံ့သြစရာ မကောင်းဘူးလားဗျာ။ ခြင်္သေ့က ဆင်လောက်လည်း အကောင်မကြီးသလို ကျားသစ်လောက်လည်း အပြေး မမြန် ပါဘူး။

သစ်ကုလားအုတ်လိုလည်း အရပ်မြင့်ဖို့ နေနေ သာသာ ခြင်္သေ့တကောင်ဟာ အရပ် ၄ ပေထက် မပိုပါဘူး။ ခြင်္သေ့မှာ သူများတွေ ရှိတဲ့ အားသာချက်တွေ မရှိဘဲနဲ့ ဘာဖြစ်လို့ တောဘုရင် ဖြစ်နေတာလဲ။

ခြင်္သေ့ဟာ ရဲစွမ်းသတ္တိ အပြည့်ရှိတယ်။ သူ့ရှေ့မှာ ဖြတ်သွားတဲ့ ဘယ်သတ္တဝါမဆို အကောင် ဘယ်လောက်ကြီးကြီး ဂရုမစိုက်ဘူး။ အကုန်လုံးဟာ သူ့ သားကောင်ပဲ။

လမ်းလျှောက်တာက အစ ယုံကြည်မှု အပြည့်နဲ့ လျှောက်တယ်။ အားသွန် ခွန်စိုက် ရုန်းကန်တယ်။ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာပါစေ၊ အကုန်လုံး ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိမျိုး ရှိတယ်။

ကဲ တောဘုရင်ခြင်္သေ့ကို သင်ခန်းစာ ယူပြီးတော့ ကျွန်တော်တို့တွေလည်း ဘာတွေ လုပ်နိုင် မလဲ။ အင်္ဂလိပ်စာ ကျွမ်းကျင်တာ တွေ၊ ဘွဲ့ဒီဂရီ အားသာချက်တွေ မရှိရင်လည်း နေပါစေတော့။

တကယ်တမ်း လိုအပ်တာက အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်၊ ရဲစွမ်း သတ္တိ၊ ယုံကြည်ချက်တွေ ရယ်ပါ။ ကဲ မိမိကိုယ်ကိုသာ ယုံကြည်ချက် အပြည့်ရှိရင် အားလုံး စွမ်းဆောင်နိုင် ပါတယ်။ ကဲ နေ့တိုင်းအတွက် ခြင်္သေ့လို ယုံကြည်ချက်တွေ မွေးဖွား ရအောင်လားဗျာ။ ကျော်စိုးအောင် (အခရာ)

Post a Comment

0 Comments