တနေ့မှာ ဖားတကောင်ဟာ ကင်းခြေများတကောင် လမ်းလျှောက် လာတာကို မြင်တော့ ဒီလို စဉ်းစားမိတယ်။ ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက် ရှိတာတောင် လမ်းလျှောက်ရတာ ခက်ခဲတယ်။ တခါတလေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတာ။
ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ မရေမတွက် နိုင်အောင် ရှိနေတာ ဘယ်လိုများ လမ်းလျှောက်သလဲ မသိဘူး။ တော်တော် ထူးဆန်းတာပဲ။
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်း ဟိုခြေထောက်က နောက်မှလှမ်း ဆိုပြီး သူ့ခြေထောက်တွေကိုသူ ဘယ်လိုများ ထိန်းချုပ်လဲ မသိဘူး။
အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး မေးလိုက်တယ်။
"ဒီလောက်များတဲ့ ခြေထောက်တွေနဲ့ မင်းဘယ်လို လမ်းလျှောက်သလဲ။ ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ ဘယ်လိုမှ တွေးမရဘူး။ ခြေထောက် တချောင်းချင်းစီကို ထိန်းချုပ်နိုင်ဖို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ"
ထိုအခါ ကင်းခြေများက "ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တခါမှ မတွေးဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် မေးလာပြီ ဆိုတော့လည်း အဖြေ ရှာရမှာပေါ့။ နေအုံး ငါစဉ်းစားကြည့် လိုက်ဦးမယ်" ဆိုပြီး တအောင့်လောက် ရပ်ပြီး တွေးကြည့်နေ ရောတဲ့။
အဲ့ဒီ အတွေးမျိုးဟာ ကင်းခြေများအတွက် ပထမဆုံးသော အတွေးဖြစ်သလို ဘယ်ခြေထောက်ကို အရင် ရွေ့ရမလဲ ဘယ်ခြေထောက်ကို ကျတော့ နောက်မှ ရွေ့ရမလဲ ဆိုပြီး
ခြေထောက်တွေ တချောင်းချင်းစီနဲ့ စမ်းစစ် ကြည့်လိုက်တဲ့အခါ ခြေလှမ်းတွေ မှားကုန်ပြီး တည့်တည့်တောင် လျှောက်လို့ မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ပါလေရော။
အဲဒါနဲ့ ဖားကို ပြောတာပေါ့။ "မင်းနောက်တခါ တခြား ကင်းခြေများတွေကို ဒီလို မေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိ စေနဲ့ နားလည်လား။ ငါ့ဖာသာ ဒီပုံစံအတိုင်း လမ်းလျှောက် လာခဲ့တာ ဘာပြသနာမှ မရှိခဲ့ဖူးဘူး။
အခု မင်းမေးခွန်းကြောင့် ငါလမ်းလျှောက်ရတာတောင် ခက်ကုန်ပြီ ဘယ်ခြေထောက်အရင် စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ"
ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာ အေးချမ်းနေကြပြီ။ ဒါပေမဲ့ တခြားလူတွေက သူတို့ရဲ့ ပြသနာ အသီးသီးတွေ ယူလာပြီး ပြောကြတဲ့အခါ ကိုယ်က သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ် စိတ်ညစ်ရရော။
ဘဝက နေလို့ရ စားလို့ လောက်ငှနေရင် ဘာမှ ပူလောင်စရာ မရှိဘူး။ တခြားလူတွေ ဘဝကောင်းစားနေတာ မြင်ရော ဟိုလူကဒီလို ကောင်းစားနေတာ၊ ဒီလူက ဒီလို စိန်ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ၊ အိမ်ရှိတာ၊ ကားရှိတာ ရည်းစား ချောချောလေး ရှိတာ ဆိုတာတွေလည်း မြင်ရော ကိုယ့်ဖာသာကိုယ် လျှောက်ပြီးတွေးတော့တာ။
နောက်ဆုံးတော့ သောကတွေက ကိုယ့်စိတ်ကို ကူးစက် ပူလောင်စေတော့ တာပါပဲ။ ဘယ်သူ ဘာပြောပြော ကိုယ့်လမ်းကိုယ် မှန်မှန်လေး လျှောက်လှမ်းသွားပါ။ သူများပြောစကား တွေနဲ့ လမ်းမှား မရောက်ပါစေနဲ့။ မတွေဝေပါနဲ့။ crd
0 Comments