အချိန် ခဏလေး စောင့်လိုက်ပါ

တရက်မှာ ပညာရှိအဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူတူ ထွက်လာခဲ့ ကြပါတယ်။ လမ်းခရီးတဝက် တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။

သောက်စရာ ရေကလည်း ကုန်နေပြီ ဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရှိတဲ့ ရေအိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက ညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန် ရှိရာကို သွားကြတာပေါ့။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်၊ ဒရယ်တွေ ရေသောက် ဆင်းလာကြတဲ့ အတွက် ရေတွေ နောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။

ဒီတော့ တပည့်တွေလည်း စိတ်ပျက် လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ ကြတယ်။ ပညာရှိအဖိုးအိုက ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ် နေတယ်။

နောက် တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်း ပြန်သတဲ့။ ဒီတခါတော့ ရေကန်ဟာ အနည်တွေ ထိုင်ပြီး အပေါ်က ရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။

ဝမ်းသာအားရနဲ့ တပည့်တွေ အားလုံးဟာ ရေခပ်ပြီး ပြန်လာကြတာပေါ့။ ဒီတော့ အဖိုးအိုက မေးတယ်။ "ရေတွေ အားလုံး ကြည်လင်သွားအောင် တပည့်တို့ ဘာလုပ်လိုက် ကြသလဲ"

"ဘာမှမလုပ်ပါဘူး" လို့ တပည့်တွေ အားလုံးက ဝိုင်းဖြေကြတယ်။ အဲဒီထဲကမှ တပည့်တယောက် ကတော့ "အချိန် စောင့်လိုက်ရပါတယ်" လို့ ဖြေတယ်။

အဖိုးအိုက ပြုံးပြီး ပြောတယ်။ "ဟုတ်တယ် ရေကန်ထဲက ရေတွေ အားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တခုကို စောင့်ရပါတယ်။

အဲဒီလိုပဲ တစုံတယောက်က သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီ ဆိုရင် ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။

အချိန်ကာလတခု လွန်မြောက်ပြီးတဲ့ အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင်လာ ပါလိမ့်မယ်" လို့ အဘိုးအိုက တပည့်တွေကို ပြောဆို ဆုံးမလိုက် ပါတော့တယ်။ Crd

Post a Comment

0 Comments