တခါက အာရေးဗီးယား ဒေသမှာ စူလတန် ဘုရင်ကြီးတပါး ရှိပါသတဲ့။ ဘုရင်ကြီး ဘယ်ကိုပဲ သွားသွား ပညာရှိကြီး တယောက်ကို အမြဲပဲ ခေါ်ဆောင်သွားလေ့ ရှိတယ်။ ပညာရှိကြီးရဲ့ အမည်ကတော့ "ဟွန်ဂျာ" လို့ ခေါ်ပါသတဲ့။
တနေ့တော့ ဘုရင်ကြီးဟာ အင်မတန် ဝေးလံသီခေါင်တဲ့ ဒေသတခုကို ခရီးထွက်ဖို့ ဖြစ်လာတယ်။ အဲဒါကြောင့်လည်း သူဟာ ခါတိုင်းလိုပဲ ပညာရှိကြီး ဟွန်ဂျာကို ခေါ်ဆောင်ပြီး ကိုယ်ရံတော် အလုပ်အကျွေး တွေနဲ့ တကွ ခရီးထွက်ခဲ့တယ်။
ဘုရင်ကြီးနဲ့ အလုပ်အကျွေးတွေဟာ အင်မတန် ကြမ်းတမ်းလှတဲ့ သဲကန္တာရ အထပ်ထပ်ကို ဖြတ်ကျော် ခရီးနှင်လာ ခဲ့ကြတယ်။
အဲဒီလိုနဲ့ တနေရာ အရောက်မှာတော့ သူတို့မြင်ကွင်းတဆုံး တနေရာမှာ မြို့ငယ်လေးတမြို့ကို မြင်တွေ့တယ်။ အဲဒီလို မြို့ကလေးကို မြင်တွေ့တဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ပြောတယ်။
"ဟွန်ဂျာ မင်းဟာ ဉာဏ်ပညာ ကြီးမားတဲ့ အတွက် ငါကိုယ်တော် ပိုင်တဲ့ တိုင်းနိုင်ငံ တဝှမ်းမှာ မောင်မင်း အမည်နာမကို မကြားဖူးသူ မရှိပေဘူး။
အဲသည်လိုပဲ ငါကိုယ်တော်ဟာလည်း တရားစောင့်သော မင်းကောင်းမင်းမြတ် အဖြစ် လူတကာ သိကြတာ ချည်းပဲ။ အခုကိုယ်တော်တို့ မြင်နေရတဲ့ မြို့ကျတော့ အရမ်းခေါင်နေတော့ ငါကိုယ်တော်ကိုရော၊ မောင်မင်းကိုပါ မြင်ဖူး တွေ့ဖူးသူ ရှားလိမ့်မယ်။
အဲဒီလို မြို့ထဲက လူတွေ နှုတ်ဆက်တဲ့လူဟာ တော်တော် လူသိများတဲ့လူလို့ ပြောနိုင်တယ် မောင်မင်း။ ခုနေများ နောက်လိုက် နောက်ပါတွေကို ချန်ထားရစ်ပြီး မောင်မင်းနဲ့ ငါကိုယ်တော် နှစ်ယောက်တည်း မြို့ထဲကို ဝင်သွားရင် ဘယ်သူ့ကို လူတွေက ပိုပြီး နှုတ်ဆက် ပြုံးပြကြမယ် ထင်သလဲ" ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက တခဏမျှ စဉ်းစား တွေးတောတယ်။
အဲဒီနောက်တော့ သူဟာ ဂုဏ်ယူလှတဲ့အပြုံးနဲ့ ဒီလို ပြန်ပြောပြန်တယ်။ "အရှင်မင်းကြီး လူတွေဟာ ကျနော်မျိုးကိုသာ ပိုပြီး ပြုံးပြ နှုတ်ဆက်ကြမှာပါ" လို့ပြောတယ်။ ဘုရင်ကြီးဟာ ဟွန်ဂျာရဲ့ အဖြေကိုကြားတဲ့အခါ ဘဝင်မကျဘဲဖြစ်နေပြန်တယ်။
"ဒင်းကများ ငါ့ထက် လူသိ များရတယ်လို့" လို့ တွေးတောရင်း ဟွန်ဂျာရဲ့ စကားကို မခံချိမခံသာ ဖြစ်လာတယ်။ အဲဒါကြောင့် ဘုရင်ကြီးက ဒီလိုပြောတယ်။
"သိပ်လည်း အပြောမကြီး ပါနဲ့လေ။ လက်တွေ့ သွားကြည့်ကြတာပေါ့"
ဘုရင်ကြီးဟာ နောက်လိုက် နောက်ပါ အခြွေအရံတွေ အားလုံးကို နေခဲ့စေပြီး ဟွန်ဂျာကို ခေါ်ဆောင်ကာ နှစ်ဦးတည်း မြို့ငယ်လေးထဲကို အရောက် လှမ်းခဲ့ကြတယ်။
အဲဒီလိုနဲ့ မြို့အဝင်ဝကို ရောက်လာတယ်။ မြို့ငယ်လေးဟာ သေးငယ်သလောက် အင်မတန် စည်ကားလှတဲ့ မြို့တမြို့ ဖြစ်ကြောင်းကို ဘုရင်ကြီး တွေ့ရပြန်တယ်။
အဲဒီလိုနဲ့ ဟွန်ဂျာနဲ့ ဘုရင်ကြီးဟာ မြို့လမ်းတွေ တလျှောက် အချိန်အတန် ကြာအောင် လျှောက်လာခဲ့ကြတယ်။ အဲဒီလို အတန်ကြာ လျှောက်လာကြတဲ့ အခါ ဘုရင်ကြီးအတွက် အင်မတန် အံ့သြစရာ အဖြစ်အပျက်တခုကို တွေ့လိုက်ရတယ်။
အဲဒါကတော့ ဘုရင်ကြီးတို့နဲ့ မျက်နှာချင်းဆိုင် လာသမျှသော လူတွေဟာ ဘုရင်ကြီးကို ကျော်ပြီး ဟွန်ဂျာကိုသာ ပြုံးပြ နှုတ်ဆက်သွားကြလို့ပဲ ဖြစ်တယ်။
အဲဒီလိုနဲ့ အတန်ကြာတဲ့အထိ စောင့်ကြည့် ပေမယ့်လည်း မြင်သမျှသော သူတွေဟာ ပညာရှိကြီး ဟွန်ဂျာကိုသာ ပြုံးပြ နှုတ်ဆက်ကြတာ ကိုသာ တွေ့ရပြန်တယ်။ နောက်ဆုံးတော့ ဘုရင်ကြီးက ပြောတယ်။
"ဟွန်ဂျာ လူတွေ အကုန်လုံးက ငါကိုယ်တော်ကို ဂရုတောင် မထားပဲ မောင်မင်းကိုတော့ တလေးတစား ပြုံးပြ နှုတ်ဆက် နေကြပါလား။ အဲဒါဘာကြာင့်လဲမောင်မင်း"
အဲဒီလို ဘုရင်ကြီးရဲ့ စကားကို ကြားတဲ့အခါ ဟွန်ဂျာက "သူတို့က ကျနော်မျိုးကြီးကို ပြုံးပြရတဲ့ အကြောင်းရင်း ကတော့ ကျနော်မျိုးကြီးက သူတို့ကို ပြုံးပြနေခဲ့တာကိုး ဘုရာ့" အဲဒီလို ဟွန်ဂျာရဲ့ စကားကို ကြားတဲ့အခါ ဘုရင်ကြီးက ဟွန်ဂျာကို ပြူးကြီး ကြည့်လိုက်တယ်။ အဲဒီအခါမှာတော့ ဟွန်ဂျာက ဘုရင်ကြီးကို ပြုံးပြလိုက်တော့တယ်။
ကျနော်တို့ ပိုင်ဆိုင်သမျှ အရာတွေထဲမှာ "အပြုံး" ဟာ ကုန်ကျစရိတ် အနည်းဆုံးနဲ့ တန်ဖိုးအကြီးဆုံး အရာပဲ ဖြစ်တယ်။ သူ့ကို အသုံးပြုဖို့ အတွက် ကုန်ကျစရိတ် နည်းလှပေမယ့် သူ့ကို လက်ခံရရှိသူ အဖို့ ဝယ်ယူလို့ မရတဲ့ စိတ်ချမ်းမြေ့မှု တွေကို ရရှိစေမှာပဲ ဖြစ်တယ်။ အချိန်ကာလ အားဖြင့်လည်း တခဏ အပြုံးဟာ တဘဝ အမှတ်ရစေနိုင်တဲ့ အစွမ်းလည်း ရှိပြန်တယ်။
အပြုံးတွေဟာ နေအိမ်တအိမ်ရဲ့ သာယာချမ်းမြေ့မှုကို ဖန်တီးပေးနိုင်သလို စီးပွားရေး လုပ်ငန်းတခုကို မြှင့်တင်ပေးနိုင် ပြန်တယ်။ မိတ်ဆွေ အချင်းချင်း ကြားက နားလည်မှု၊ အပြန်အလှန် လေးစားမှု သင်္ကေတလည်း ဖြစ်တယ်။ အပြုံးဟာ နွမ်းနယ်ပင်ပန်းသူတွေ အတွက် ချွေးသိပ်ရာ အရိပ်လည်း ဖြစ်သလို၊ စိတ်ပျက် အားငယ်သူတွေ အတွက်လည်း အားဆေး ဖြစ်တယ်။
မှောင်မိုက် ဝမ်းနည်းဖွယ်ဘဝရဲ့ နေရောင်ဖြစ်သလို၊ ဘဝရဲ့ ဒုက္ခအဆိပ်ကို ပြေစေနိုင်တယ့် သဘာဝရဲ့ အဆိပ်ဖြေဆေး လို့လည်း ဆိုနိုင်တယ်။ ကျနော်တို့တွေဟာ အဲဒီလို ကုန်ကျစရိတ် နည်းပါးစွာ အဖိုးထိုက်တန်တဲ့ အပြုံးကို လိုလိုလားလားနဲ့ လူတိုင်းလူတိုင်းကို ဝေငှပေးသင့် လှပါတယ်။
ကျနော်တို့ဟာ ကိုယ်ပိုင်ဆိုင်တဲ့ အပြုံးလက်ဆောင်ကို ပေးတဲ့အခါ ဟွန်ဂျာကို အပြုံးနဲ့တန်ပြန်တဲ့ မြို့သားတွေလို ကျနော်တို့ဟာလည်း အပြုံးလက်ဆောင်တွေကို တန်ပြန်ရရှိမှာပဲ ဖြစ်ပါတယ်။ RG
0 Comments