တခါတုန်းက သူဌေးကြီးတဦးမှာ ရင်သွေးဆိုလို့ အမြဲပျင်းရိနေတဲ့ သားတယောက်ပဲ ရှိသတဲ့။ အဖေ့ပိုက်ဆံ ထိုင်ဖြုန်းဖို့က လွဲရင် ဘာမှ မလုပ်တတ်ဘူး။ ပညာကိုလည်း ကောင်းကောင်း မသင်ဘူးတဲ့။
သူဌေးကြီးက သူသေသွားရင် သားလုပ်သူက ရှိသမျှ အကုန်ရောင်းစားပြီး ဆင်းရဲသား ဖြစ်သွားမှာ စိုးရိမ်တာပေါ့။ သူ့သားကို ကြိုးစားပြီး ပြုပြင်ပေမယ့်လည်း မရဘူးတဲ့ကွယ်။
သားတယောက်ပဲ ရှိတာမို့ စိတ်ပူနေတာပေါ့။ နောက်ဆုံးတော့ သူ အကြံတခု ရသွားတယ်။ အပ်ချုပ်ဆိုင်ကိုသွား အနွေးထည် တထည် ချုပ်ခိုင်းတယ်။ ပြီးတော့ အဲဒါကိုပဲ နေ့တိုင်းဝတ်သတဲ့။
တနေ့တော့ သူ့သားကို ခေါ်ပြီး "ငါသေလို့ ရှိရင် ငါ့မှာရှိသမျှ မင်း အမွေရမှာပဲ။ အဲဒီအမွေတွေကို ကောင်းကောင်း ထိန်းသိမ်းနိုင်မယ်လို့ ငါမျှော်လင့်တယ်။
တကယ်လို့သာ အဲဒါတွေ အကုန်လုံး မင်းရောင်းစားပစ်မယ် ဆိုရင် ငါ ခုဝတ်နေကျ အနွေးထည်လေးတော့ ချန်ထားပြီး အမြဲဝတ်ပါကွာ၊ အဲဒါဆို ငါကျေနပ်ပါပြီ" လို့ပြောသတဲ့။
သားဖြစ်သူကလည်း ဒီလောက် လွယ်တာလေးပဲ ဆိုပြီး ဟုတ်ပါပြီလို့ ကတိပေးတာပေါ့။ များမကြာမီမှာ သူဌေးကြီး သေသွားတော့ သူ့သားက ပိုက်ဆံတွေ အကုန်ဖြုန်း ရှိသမျှ ရောင်းစား နောက်ဆုံး အကုန် ကုန်ပြီး လမ်းပေါ် ရောက်သွားတာပေါ့။ သူ့ကို ဘယ်သူမှလည်း အပေါင်းအသင်း မလုပ်ကြတော့ဘူးတဲ့။
နဂိုကလည်း ဘာပညာမှ မတတ်ဘူးဆိုတော့ သူတောင်းစားလို ဖြစ်သွားတာပေါ့။ ဒါပေမယ့် သူ့အဖေကို ပေးခဲ့တဲ့ ကတိအတိုင်း အနွေးထည်ကိုတော့ ဝတ်ထားတာပဲတဲ့။ အဲဒီလိုနဲ့ သူဟာ လပေါင်းများစွာ လျှောက်သွားနေတာပေါ့။
တရက်တော့ မြေကြီးပေါ် သူလှဲနေရင်း နောက်ကျောဘက်က ခိုးလိုးခုလု နေသလို ခံစားရသတဲ့။ ထကြည့်တော့ မြေကြီးက ပြောင်ရှင်းလို့။
အဲဒါနဲ့ အနွေးထည်ကို သေချာ လိုက်ကိုင်ကြည့်တော့ ချုပ်ရိုးကြောင်းတွေ ကြားမှာ မာတဲ့အရာလေး တခုကို စမ်းကြည့်မိတယ်။
သူလည်း စိတ်ဝင်စားသွားပြီး ဓါးနဲ့ ဖြတ်ကြည့်တော့ တန်ဖိုးကြီးတဲ့ ရတနာလေး ထွက်လာသတဲ့။ သူ့အဖေက အမျှော်အမြင် ရှိစွာနဲ့ ထားခဲ့တာပေါ့။ အဲဒီရတနာကို သွားရောင်းလိုက်တော့ သူလည်း ပိုက်ဆံတွေ ပြန်ချမ်းသာ လာတာပေါ့။
ဒါပေမယ့် သူသင်ခန်းစာ ရသွားပြီ။ အရင်ကလို မသုံးဖြုန်းတော့ဘူးတဲ့။ အရောင်းအဝယ်ပညာကို ပြန်လေ့လာပြီး လုပ်ငန်းတွေ လုပ်လိုက်တာ သူဌေးကြီးဘဝကို ရောက်သွားတာပေါ့။ တမလွန်က သူ့အဖေကိုလည်း ကျေးဇူးတင် မဆုံးဘူးပေါ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ ကလေးတို့ရေ လူတွေဟာ မွေးလာကတည်းက အောင်မြင်အောင် ထူးခွှန်အောင် လုပ်နိုင်တဲ့၊ အများအကျိုး ဆောင်နိုင်တဲ့ အရည်အချင်းတွေ စိတ်ကောင်း နှလုံးကောင်းတွေ လူတိုင်းရဲ့ နှလုံးသားမှာ ပါလာပြီးသားကွဲ့။
ဒါပေမယ့် ပုံပြင်ထဲက သူဌေးသားလိုပဲ မေ့မေ့လျေ့လျော့နဲ့ ပေါ့ပေါ့ဆဆ နေနေကြတာ များတယ်။ ဒီပုံပြင်လေးကို ဖတ်မိ နားထောင်မိပြီး ရင်ထဲ တန်ဖိုးရှိတဲ့ ရတနာကို ဖော်ထုတ် အသုံးပြုနိုင် ကြပါစေ။ Crd
0 Comments