တခါက သူငယ်ချင်း နှစ်ယောက် အတူတူ ခရီးတခု ထွက်လာခဲ့ ရာမှာ ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ပင်ပန်းနွမ်းလျလို့ နေပါတယ်။ ဒီလိုနဲ့ တရွေ့ရွေ့ ခရီးဆက်လာ ကြရင်း တနေရာ အရောက်မှာတော့ သစ်ပင်အိုကြီး တပင်ကို တွေ့လိုက်ရ ပါတယ်။
သူငယ်ချင်း နှစ်ယောက်လည်း ဝမ်းသာအားရနဲ့ သစ်ပင်ကြီးရဲ့ အောက်မှာ ခြေပစ်လက်ပစ် ထိုင်ချ လိုက်ပြီး အနားယူလိုက် ပါတယ်။
ဒီလိုနဲ့ သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ လဲလျောင်း အနားယူ နေရင်း တယောက်သော သူငယ်ချင်းက သစ်ပင်ကြီးရဲ့အကိုင်းအလက် တွေကို ကြည့်ပြီး အခုလိုပဲ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို ပြောလိုက်ပါတယ်။
"ဒီသစ်ပင်ကြီးကို ကြည့်ပါဦး။ အိုမင်း နေပြီနော်။ ပြီးတော့ စားစရာ ဘာသစ်သီးသစ်ဖု မှလည်း မရှိဘူး။ ပင်စည်က လွဲပြီး ဘာမှ အသုံးမဝင်ဘူး" လို့ ပြောလိုက်ပါတယ်။ ဒါကို ကြားသွားတဲ့ သစ်ပင်ကြီးက
"မိတ်ဆွေတို့ရေ ကျွန်ပ်ဟာ လူသူ အရောက်အပေါက် နည်းတဲ့ နေရာဒေသမှာ တဦးတည်း ရပ်တည်နေ ရတာပါ။ ဘယ်သူမှလည်း ရေလာလောင်း မပေးသလို ဘယ်သူမှလည်း မြေသြဇာ ကောင်းကောင်း မကျွေးပါဘူး။
မိတ်ဆွေတို့ ပြောသလို ကျွန်ပ်မှာ မိတ်ဆွေတို့ အဆာပြေ၊ ရေငတ်ပြေ စားသုံးနိုင်တဲ့ သစ်သီးတွေတော့ မရှိပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ ပြောသလို ပင်စည်က လွဲပြီး အသုံးမဝင် တာတော့ မဟုတ်ပါဘူးဗျာ။ အခု မိတ်ဆွေတို့ ခိုနားနေတဲ့ အရိပ်အာဝါသက ကျွန်ုပ်ဆီက ရတာပါ။
ကျွန်ုပ်ပေးနိုင်တဲ့ အရိပ်အာဝါသက အခုချိန်မှာ မိတ်ဆွေတို့ ခရီးဆက်ဖို့အတွက် အလွန် အသုံးဝင်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်ပ်ကို ပင်စည်က လွဲပြီး ဘာမှ အသုံးမဝင်ဘူး လို့တော့ မသတ်မှတ်စေ ချင်ပါဘူး" လို့ စိတ်မကောင်းစွာနဲ့ ပြန်ပြောလိုက် ပါတော့တယ်။
ကျွန်တော်တို့လည်း အလားတူပဲ။ တခါတလေ သူငယ်ချင်း အချင်းချင်း ယှဉ်ပြုင်မိ၊ အားကျမိတဲ့ အခါ မဆီမဆိုင် မိဘတွေကို အပြစ်တင်ခဲ့ မိပါတယ်။
အမေကသာ ချောချောလှလှလေး မွေးလာခဲ့ရင်၊ အသားဖြူဖြူလေး မွေးလာခဲ့ရင် ကောင်းမှာပဲ ဆိုပြီး ပြစ်တင်နေ ခဲ့သလို အဖေသာ သူဌေးကြီး တယောက်ဖြစ်ပြီး ငါလိုချင်တာ မှန်သမျှ ဝယ်ပေးနိုင်မယ် ဆိုရင် ဘယ်လောက် ကောင်းမလဲ ဆိုပြီး အား မလို အားမရ ဖြစ်ခဲ့ဖူး ကြပါတယ်။
အမှန်တကယ်က အခုလိုမျိုး ကိုယ်လက်အင်္ဂါ စုံစုံနဲ့ လူတန်းစေ့ နေနိုင်စားနိုင်အောင် မိဘနှစ်ပါးရဲ့ ပြုစု စောင့်ရှောက် ပေးခဲ့တာတွေကို မေ့လျော့ နေခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာလေး ကနေ လက်ဆောင်ပေးချင်တဲ့ စကားလေး တခွန်းကတော့ "လိုချင်တပ်မက်မှုတွေ များလာတဲ့အခါ ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံးသော အရာတွေကို မေ့လျော့သွား တတ်ပါတယ်"
ဒါကြောင့် ကိုယ်ပိုင်ဆိုင် ထားတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အရာတွေကို မမေ့မလျော့ဘဲ အမြဲတမ်း အောက်မေ့ သတိရနေသင့် ပါတယ်။ ရိုးရာလေး
0 Comments