တခါက မိသားစု တစုဟာ လှေတစင်းနဲ့ ခရီးထွက် လာတယ်။ အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်၊ အမေက လိုရာရောက်ဖို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။ မြစ်ကမ်းဘေးက ကြည့်ရင် အင်မတန် အားကျစရာပဲ။
လှေပေါ်က အခြေအနေကို ပြောပြမယ်နော်။ အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။ အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။
အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တချောင်းနဲ့ ထိုးဖောက်နေတာ သတိထား မိတယ်။ အမေဖြစ်သူက အဖေကြီး မသိအောင် တားပေမယ့် မရဘူး။
နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။ "မင်းဘာလုပ်တာလဲ" လို့ လှည့်ပြီး မေးတော့ သားက "လှေကို ဓားချွန်နဲ့ ဖောက်နေတာ" လို့ ပြောတယ်။
"မင်းဘာလို ဒီလို လုပ်တာလဲ" လို့ မေးတော့ "ဘာဖြစ်လဲ ဘယ်သူ့ အောက်မှာမှ အပေါက်ဖောက်တာ မဟုတ်ဘူး။ ကိုယ့်အောက် ကိုယ်ဖောက်တာ" လို့ ပြောပြီး အားနဲ့ ထိုးစိုက် လိုက်တယ်။
လှေထဲကို ရေတွေ အရှိန်နဲ့ ဝင်လာတယ်။ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံး ဘူးပေါ့။ ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားတယ်။
ဒီအဖြစ်အပျက်လို ပါပဲ။ တခါတရံ မိသားစုတခုမှာ ဘာမှလဲ မလုပ်နိုင်၊ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့ သူတွေ ပါတတ်ပါတယ်။
သူတို့ စိတ်ထဲမှာ လှေရဲ့ အလယ်က ထိုင်စီးနေသူလို ပါပဲ။ သူတို့ဟာ ကိုယ့်အောက်ကိုယ်ဖေါက်တာ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။ တကယ်တော့ လှေပေါ်မှာ တမိသားစုလုံး ထိုင်နေတာပါ။ တခရီးထဲ သွားနေတဲ့ တမိသားစုလုံး ဒုက္ခရောက် ကုန်တာပါ။
ဒါကြောင့် မိသားစုတခုမှာ ကိုယ်ဘာသာ ကိုယ်လုပ်တာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ် ဆိုတာ မရှိပါဘူး။ တယောက်ယောက်က ဖောက်လာရင် ကျန်သူ အကုန်လုံး ဒုက္ခရောက်တတ်ပါတယ်။
ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့ တခြားသူများကိုလည်း တွေးပူတတ်ဖို့ လိုအပ်ပါတယ်။ ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။ Crd
0 Comments