တခါက ခရီးသွား ကုန်သည်အဖွဲ့ တဖွဲ့ဟာ တောင်တန်းတခုကို ဖြတ်ပြီး ခရီးသွားကြရင်း မထင်မှတ်ပဲ အဖွဲ့ထဲမှ တယောက်ဟာ ခြေချော်ပြီး ချောက်ကမ်းပါးထဲကို ပြုတ်ကျ သွားခဲ့တယ်။
ပြုတ်ကျသူဟာ ချောက်ကမ်းပါးရဲ့ ထက်ဝက်မှာ ရှိတဲ့ ကျောက်စွယ်လေးမှာ တင်နေတယ်။ ချောက်ကမ်းပါးကြီးကလဲ အင်မတန်မှ နက်ရှိုင်းတော့ ဘယ်သူမှလဲ ဆင်းမကယ်ဝံ့ ကြဘူးပေါ့။
ဒီတော့ ကုန်သည်အဖွဲ့က "သူ့ကို ကူညီဖို့ဟာ တကယ့်ကို မလွယ်ကူဘူး။ သူဟာ သေလူ ဖြစ်သွားပါပြီ။ ဒီတော့ သူ့အိမ်ကို ဘာများ မှာချင်လဲ မေးကြမယ်" ဆိုပြီး
"ဟေ့လူ မင်းဟာ မကြာခင် သေရတော့မယ်။ ဒီချောက်ကမ်းပါးကြီးကို မင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့လဲ ဆင်းကယ်လို့ မရနိုင်ဘူး။ ဒီတော့ မင်းအိမ်က မိသားစုကို ဘာမှာချင်လဲပြော ငါတို့ သွားပြောပေးမယ် " ဆိုပြီး ကမ်းပါးထိပ် ကနေ အော်ပြောကြသတဲ့။
ဒီအချိန်မှာ ပြုတ်ကျသူဟာ ချောက်ကမ်းပါးကြီးကို ကုတ်ခြစ်ပြီး တက်ဖို့ ကြိုးစားပါတော့တယ်။ ကမ်းပါးထိပ်က အဖွဲ့ကလည်း "တက်ဖို့ မကြိုးစားပါနဲ့တော့ ဆက်ပြီး တက်နေရင် အောက်ကို ပြုတ်ကျလိမ့်မယ်။
မင်းအိမ်ကို မှာချင်တဲ့ စကားကိုသာ ငါတို့ကိုပြောပါ။ အဖွဲ့က ရမယ့် မင်းရဲ့ ဝေစုကိုလဲ မင်းအိမ်ကို ပေးပေးပါ့မယ်" လို့ အော်ဟစ်ပြောဆို ကြပြန်တယ်။
ဒီလိုပြောလေ ပြုတ်ကျသူဟာ ကြိုးစားပြီး ကုတ်ခြစ် တက်လာလေပါပဲ။ ဒီလိုနဲ့ တက်လာလိုက်တာ မယုံနိုင်အောင် ပါပဲ။ သူဟာ အပေါ်ကို ရောက်လာနိုင် ခဲ့ပါတယ်။
ဒီတော့မှ အပေါ်က သူ့အဖွဲ့ဟာ ဝမ်းသာအားရ ဖြစ်ပြီး "မင်းကို မဖြစ်နိုင်ပါဘူး။ မကြိုးစားနဲ့တော့လို့ ပြောတာကို ဂရုမစိုက်ပဲ ဘာလို့ ဇွတ်အတင်း တက်လာနိုင်ခဲ့တာလဲ" လို့ ဝိုင်းမေးကြတယ်။
သူက "ငါဟာ နား သိပ်မကြားသူ တယောက်ပါ။ မင်းတို့ ပြောတာကို ငါမကြားဘူး။ ငါက မင်းတို့ဟာ ငါ့ကို အပေါ်တက်ဖို့ တိုက်တွန်း အားပေး နေကြတာလို့ ထင်တာနဲ့ အားကြိုးမာန်တက် တက်လာခဲ့တာပါ" လို့ ပြန်ပြောလိုက်ပါတော့တယ်။
ဒီလိုပါပဲ ဘဝမှာ အောင်မြင်ဖို့အတွက် အခက်အခဲတွေ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အထင်သေး ကဲ့ရဲ့ ထိုးနှက်ချက် စကားတွေကို လစ်လျှူရှုပြီး သင့်ရဲ့ ခွန်အားတွေ အဖြစ် အသုံးချလိုက်ပါ။ crd
0 Comments