ဘဝရဲ့ အဆင်မပြေမှုတွေ ကြားမှာ ပိတ်မိနေလား။ စိတ်ဓာတ် မကျလိုက်ပါနဲ့။ တချို့အရာတွေက ဖောက်ထွက်ဖို့ အချိန်လိုသလို၊ တချို့အရာတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို စမ်းသပ်လိုက်တာလည်း ဖြစ်နေတတ်တယ်။ အားတင်းထားပါ။ မင်း လုပ်နိုင်ပါတယ်။
ကိုယ်အရမ်းမြတ်နိုးရသူ တယောက်ကို သေကွဲ၊ ရှင်ကွဲ ခွဲလိုက်ရလို့ အရမ်းခံစားနေရလား။ ဘဝကို အရှုံးမပေးလိုက်ပါနဲ့။
ရေစက်ဆိုတာ တဖက်တည်းက တန်ဖိုးထားရုံနဲ့ တည်မြဲနေတတ်တာ မဟုတ်သလို အရာအားလုံးက သူ မထားခဲ့လည်း အချိန်တန်ရင် ကိုယ်က ထားခဲ့ရမှာချည်းပါပဲ ဖြေပါ။ မင်း လုပ်နိုင်ပါတယ်။
ကိုယ့်ဘဝကို စိတ်ပျက်နေလား။ စိတ်မပျက်လိုက်ပါနဲ့။ လူဆိုတာ အရမ်း စွမ်းအားကြီးတဲ့ သတ္တဝါပါ။ လူတယောက်က ကြိုးစားအားထုတ်မှု မှန်ကန်ရင် ဘုရားတောင် ဖြစ်သွားနိုင်ပါတယ်။ ဖိနပ်မရှိတိုင်း ငိုနေရင် ခြေထောက် မရှိတော့တဲ့ သူတွေကို အားနာလိုက်ပါ။
အထီးကျန်လွန်းလို့ စိတ်ဓာတ်ကျနေမိရင် မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။ ခံစားရလွန်းလို့ မခံစားနိုင်ပဲ ဖြစ်နေရင် မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။
ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင် ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ပဲ အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။ ကြိုးစားပါ မင်း လုပ်နိုင်ပါတယ်။
လောကမှာ ကြီးမားလွန်းတဲ့ အရှက်ကွဲမှုကြောင့် လူတောမတိုးရဲသလို ဖြစ်နေလား။ လူဆိုတာ အမှားအယွင်း အပြစ်ကင်းစင်သူဆိုတာ အရမ်းရှားပါတယ်။ အပြစ်အနာအဆာ အနည်းနဲ့ အများပဲ ကွာခြားတာပါ။
ကိုယ့်အားနည်းချက်ကို အမြဲတွေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာက ကိုယ့်ဘဝကို အရှုံးပေးနေရုံတင် မကဘဲ ကိုယ့်ကျေးဇူးရှင် မိဘနှစ်ပါးနှင့် အသိုင်းအဝိုင်းကိုပါ ကိုယ့်ကြောင့် များစွာ ထိခိုက်သွားစေ နိုင်ပါတယ်။
ကိုယ့်စိတ်ကို အမြဲအကျဉ်းချ နေမယ့်အစား ကိုယ့်မိဘမျက်နှာကို ထောက်ထားရင် ရုန်းထွက်ဖို့ ကြိုးစားပါတော့။ လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ အသက်ထက် အရေးကြီးတယ် ဆိုပေမယ့် ရှင်လျက်နဲ့ ဘဝ သေနေတာက အရှက်ကွဲလိုက်တာထက် ပိုဆိုးနေတတ် ပါတယ်။
ဖြစ်နိုင်ရင် မြန်မြန်ရုန်းထပြီး ကိုယ့်အတွက် မဟုတ်ရင်တောင်မှ ကိုယ့်မိသားစု၊ ကိုယ့်နိုင်ငံအတွက် ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။ မင်း လုပ်နိုင်ပါတယ်။
ဘာကိုပဲလုပ်လုပ်၊ ဘာတွေပဲ ဖြစ်ဖြစ်၊ ဘယ်လိုအရာတွေပဲ ကြုံကြုံ၊ ဘယ်လို ဖိစီးမှုတွေပဲ ခံစားနေရပါ့စေ ငါ လုပ်နိုင်ပါတယ်လို့ စိတ်ထဲက ခိုင်ခိုင်မာမာ ခံယူပြီး ကြိုးစားပါ။
မင်း ဘဝက တရက်ပြီးတရက် တနှစ်ပြီးတနှစ် အများက အားကျလေးစားလောက်တဲ့ ဘဝတခုကို ပိုင်ဆိုင်နိုင်တယ် ဆိုတာ ဗေဒင်မေးစရာ မလိုအောင် မှန်နေပါလိမ့်မယ်။ Crd
0 Comments