တခါတုန်းက ပညာရှိ (၅) ဦးဟာ တောကြီးတခုထဲမှာ လမ်းပျောက်နေ ကြပါတယ်။
ပထမတဦးက "ကျနော်ကတော့ ဘယ်ဖက်ကို သွားမယ်။ ကျနော့် မသိစိတ်က အဲဒီဘက်သွားဖို့ နှိုးဆော်နေတယ်" လို့ ပြောပါတယ်။
ဒုတိယတဦးက ပြောပါတယ်။ "ကျနော်ကတော့ ညာဖက်ကို သွားမယ်။ ဒါက ကျနော့်ရဲ့ အလေ့အကျင့်ပဲ"
တတိယတဦးက "ကျနော်ကတော့ လာရာလမ်းအတိုင်း လှည့်ပြန်မယ်။ တောအုပ်ထဲ ကနေတော့ ပြန်ထွက်သွားမှာပဲ" လို့ ပြောပါတယ်။
စတုတ္ထတဦးက ပြောပါတယ်။ "ကျွန်တော်ကတော့ ရှေ့တည့်တည့် ဆက်သွားမယ်။ တောအုပ်က တနေရာရာမှာတော့ အဆုံးသတ်မှာပဲ"
ပဉ္ဓမတဦးက ပြောပါတယ်။ "ကျနော်ကတော့ အမြင့်ဆုံး သပင်တပင်ပေါ် တက်ပြီး တောအုပ်ရဲ့ အခြေအနေကို ကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့လည်း မသွားနဲ့ဦး။ ကျနော် ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့" လို့ သူက ပြောပြောဆိုဆိုနဲ့ သစ်ပင်အမြင့် တပင်ပေါ်ကို တက်သွားပါတယ်။ ကျန်တဲ့ (၄) ဦးက သူ့ကို မစောင့်ပဲ သူတို့ ပြောထားတဲ့အတိုင်း ဆက်သွားပါတယ်။
သစ်ပင်ပေါ် တက်သွားတဲ့ တယောက်က သစ်ပင်ထိပ်ရောက်တော့ တောအုပ်ရဲ့ အခြေအနေကို တွေ့ပါတယ်။ သူ့မိတ်ဆွေတွေ သွားတဲ့ လမ်းကြောင်းရဲ့ အမှားတွေကိုလည်း သူက မြင်သွားပါတယ်။ ဒါကြောင့် စဉ်းစားလိုက်တယ်။ "ငါကလွဲပြီး ကျန်တဲ့လူတွေအားလုံး လမ်းကြောင်းအမှားပေါ် ရောက်ကုန်ကြပြီ" လို့။
နောက်ဆက်တွဲဖြစ်ရပ်များ – တောအုပ်ရဲ့ ဘယ်ဖက်ကို သွားလိုက်တဲ့လူက တောနက်ထဲကို ရောက်သွားပါတယ်။ သားရဲတိရစ္ဆာန်များနဲ့ ရင်ဆိုင်ရပါတယ်။ သူ့ရဲ့ ပညာတတ်မှုကို သုံးပြီး အစစအရာရာကို ရင်ဆိုင်ရပါတယ်။
ဒါပေမယ့် သူက တောနက်ထဲမှာ ရှင်သန်နေထိုင်မှုကို ကောင်းမွန်စွာ တတ်ကျွမ်းသွားပါတယ်။ နောက်ပိုင်း တောနက်ထဲမှာပဲ နေပြီး အခြားလူများကိုလည်း ဘယ်လို နေထိုင်ရမယ် ဆိုတာကို သင်ပေးပါတယ်။
တောအုပ်ရဲ့ ညာဖက်ကို သွားလိုက်တဲ့လူက ဓါးပြများနဲ့ တွေ့ပါတယ်။ ဓါးပြတွေက သူ့မှာ ပါတဲ့ ပစ္စည်းများကို လုယူလိုက်ပြီး သူ့ကိုလည်း သူတို့အဖွဲ့ဝင်အဖြစ် လုပ်ခိုင်းပါတယ်။
ဒါပေမယ့် ပညာရှိတဲ့သူက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲနိုင်ဖို့ အားထုတ်ခဲ့ပြီး နောက်ပိုင်းမှာ ဓါးပြအဖွဲ့ တဖွဲ့လုံးကို လူကောင်းဖြစ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
နောက်ကြောင်း ပြန်လှည့်သွားတဲ့ လူကတော့ တောအုပ်ရဲ့ လမ်းကြောင်းကို ပိုမိုမှတ်မိသွားပြီး တောအုပ်ထဲ ဝင်လိုတဲ့ လူများကို လမ်းညွှန်ပြပေးရင်း လမ်းမပျောက်အောင် ကူညီပေးနိုင် ခဲ့ပါတယ်။
ရှေ့ကို ဆက်သွားတဲ့ လူကတော့ ရှေ့ဆောင်လမ်းပြသူ ဖြစ်လာခဲ့ပါတယ်။ သူက လူများ မရောက်ဖူးတဲ့ နေရာတွေ မတွေ့ကြုံဖူးတာတွေကို ပထမဆုံး တွေ့ကြုံရသူ ဖြစ်လာပြီး ဆေးဖက်ဝင် အပင်များ၊ ထူးဆန်းသော သတ္တဝါများကို ရှာဖွေတွေ့ရှိသူ ဖြစ်လာခဲ့ပါတယ်။
အပင်ပေါ်တက်ပြီး အခြေအနေ အရပ်ရပ်ကို ကြိုကြည့်ခဲ့သူကတော့ အရာရာကို ဖြတ်လမ်းနည်းနဲ့ လုပ်ကိုင်ဆောင်ရွက် ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါတယ်။ လူတွေဟာ သူနဲ့ အမြန်ဆန်ဆုံး လမ်းကြောင်းများကို ဆွေးနွေးတိုင်ပင် ကြပါတယ်။
ဒါကြောင့် မည်သည့်လမ်းကြောင်းပေါ်ပဲ ရောက်နေစေကာမူ ကြိုးစားရှင်သန်မယ် ဆိုရင် အကျိုးပြုနိုင်တဲ့ လူကောင်းများဖြစ်လာကြမှာ ဖြစ်ပါတယ်။ လမ်းကြောင်းတိုင်းက မှန်ပါတယ်။ ကြိုးစားအားထုတ်မှုသာ မှန်ကန်ဖို့ လိုတာပါ။ Crd
0 Comments