တခါတုန်းက သူကြွယ်တဦးဟာ ရေစီးသန်တဲ့ မြစ်ကို ကူးဖြတ်ရင်း လှေမှောက် သွားခဲ့လို့ မြစ်လယ်မှာရှိတဲ့ ကျောက်တုံးတတုံးပေါ် တက်ပြီး အကူအညီရဖို့ အော်ဟစ်နေခဲ့တယ်။
အဲဒီအချိန်မှာ လှေသမား လူငယ်တဦး ရောက်လာခဲ့တယ်။ လူငယ်ဟာ သူကြွယ်ကိုကယ်ဖို့ လှေကို လှော်ခတ်လာ ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့အတွက် လှေက ထင်သလောက် အမြန် မလှော်နိုင်ခဲ့ဘူး။
"ငါ့ကို မြန်မြန် ကယ်ပါ။ ငါ့ကို ကယ်နိုင်ရင် မင်းကို ငွေတထောင် ပေးမယ်" လို့ သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့အတွက် လှေက ဖြေးဖြေးပဲ ရွေ့လျားနိုင်ခဲ့တယ်။
"မြန်မြန် လှော်ပါ။ ဒီအရောက် လှော်ခဲ့ရင် ငါ ငွေနှစ်ထောင် ပေးမယ်"
လူငယ်က အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက် အရာ မရောက်ခဲ့ဘူး။ "ရေတွေ တက်လာပြီ။ အားစိုက် စမ်းပါ။ မင်းကို ငွေငါးထောင် ပေးမယ်" လို့ သူကြွယ်က အော်ဟစ်တယ်။
ရေက သူရပ်ထားတဲ့ ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီ ဖြစ်တယ်။ လူငယ်ဟာ သူကြွယ်ဆီ လှော်ခတ်နေတဲ့ လှေလှော်နှုန်းဟာလည်း တဖြည်းဖြည်း ပိုနှေးသွားတယ်။ "မြန်မြန်လှော် ငါ တသောင်း ပေးမယ်"
သူကြွယ်ရဲ့ ခြေကို ရေစမြုပ်နေပြီ ဖြစ်တယ်။ ဒါပေမယ့် လှေသွားနှုန်းက ပိုနှေးလာခဲ့တယ်။
"ငါးသောင်း ပေးမယ်။ ငါးသောင်း" စကားတောင် ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီး တလုံးကြောင့် သူကြွယ် မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက် ပါသွားခဲ့တယ်။
လူငယ်ကလှေကို ကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ "ခင်ဗျားကို ကျွန်တော် ကယ်မလို့ ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေ လာပေးခဲ့ရ သလဲ။
တကြိမ်ပြီး တကြိမ် ငွေတွေ ထပ်တိုးပေးခဲ့လို့ ကျွန်တော် ဖြေးဖြေးလှော်ရင် ငွေပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက် ခင်ဗျား ပါသွားခဲ့တယ်။ ကျွန်တော့်ကြောင့် ခင်ဗျားအသက် ဆုံးရှုံးခဲ့ရတယ်။
ဒါပေမယ့် ခင်ဗျားကို ကယ်ဖို့ အစက ကျွန်တော့စိတ်ထဲမှာ ရိုးသားမှုတွေပဲ ရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစားမိချိန်မှာ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော်ကို ငွေတွေ ပေးမယ်လို့ ပြောခဲ့ရသလဲဗျာ"
ကျွန်တော်တို့တွေရဲ့ တန်ဖိုးမရှိ အသုံးမကျတဲ့ အတ္တတွေ၊ မာနတွေရဲ့ အော်ဟစ်မှုတွေကပဲ ကိုယ့်ကိုယ်ကို အဆိပ်သင့်စေပြီး၊ ကိုယ့်ကိုယ်ကို သတ်သေသလို ဖြစ်နိုင်တာကို ဂရုပြု သတိထားဖို့ လိုပါမယ်။ Crd
0 Comments