ရှေးရှေးတုန်းက အလွန်ရက်စက် ကြမ်းကြုတ်သော သခင်ထံမှ ကျွန်တယောက်သည် ထွက်ပြေးလေ၏။ သူ့ကို ပြန်လည်မဖမ်းမိအောင် သဲကန္တာရထဲတွင် ပုန်းအောင်း နေလေသည်။
သူသည် နေထိုင်ရန် နေရာနှင့် စားရန် အစားအစာတို့ကို ရှာဖွေရန် လှည့်လည် သွားလာစဉ် ဂူတခုသို့ ရောက်ရှိသွား၏။
ထိုဂူတွင် မည်သူတစုံတယောက်မျှ နေထိုင်သည်ကို မတွေ့ရပေ။ စင်စစ်သော်ကား ထိုနေရာမှာ ခြင်္သေ့တကောင်၏ နေရာပင် ဖြစ်တော့သည်။ သူရောက်သည့် ခဏ၌ပင် ခြင်္သေ့လည်း ဂူဝ၌ ပေါ်လာလေတော့၏။
စိတ်ပျက်အားငယ် နေသဖြင့် သူသည် ခြင်္သေ့ကို ရင်ဆိုင်တွေ့နေရသော်လည်း လွတ်မြောက်ရန် လမ်းစကို ရှာဖွေရန် မကြိုးစားတော့ပေ။
ဖြစ်လိုရာ ဖြစ်စေတော့ ဟုသာ စိတ်ကိုလျှော့၍ ထားလိုက်လေတော့၏။ သို့သော် သူသည် ရုတ်တရက် အံ့ဩသွားသည်။ အဘယ်ကြောင့် ဆိုသော် ခြင်္သေ့သည် သူ့ကိုမြင်လျှင် ခုန်အုပ်ကိုက် ဝါးစားမျိုပစ်လိုက်မည့်အစား မိတ်ဖွဲ့လိုဟန် လက္ခဏာကို ပြသောကြောင့်ပေတည်း။
ခြင်္သေ့ဟာ ရွှင်မြူးသောအသံဖြင့် ဟိန်းဟောက်ကာ ၎င်း၏ ခြေတဖက်ကို မြှောက်၍ ပြလေသည်။ ထိုခြေတွင် ဖူးဖူးရောင်၍ ရင်းနေသော အနာကြီးကို မြင်ရသဖြင့် သေချာစွာ စူးစမ်းကြည့်ရှုရာ ခြေချောင်းကလေးများအကြား ကြီးမားသော ဆူးကြီးတချောင်း စူးဝင်နေသည်ကို တွေ့ရ၏။
ဂူအတွင်းသို့ ဝင်လာသူလည်း သနားလှသဖြင့် ထိုးဆူးကို နုတ်ကာ အနာကို တတ်နိုင်သမျှ ကောင်းစွာစည်းနှောင်၍ ပေးလိုက်လေသည်။ သို့ဖြင့် ရက်အနည်းငယ် အကြာတွင် အနာသည် ကောင်းစွာ ပျောက်ကင်းသွား လေတော့၏။
ခြင်္သေ့ကြီးသည် သူ့ကို အတိုင်းမသိ ကျေးဇူးတင်တော့၏။ ထို့ကြောင့် သူ့ကို မိတ်ဆွေတဦးအဖြစ် အသိအမှတ်ပြုကာ ကာလအတန်ကြာမျှ ဂူထဲတွင် အတူတကွ နေထိုင်ကြလေ၏။
တရက်တွင် ထိုသူသည် သူ၏ အပေါင်းအသင်းဖြစ်သည့် လူသားများကို လွမ်းဆွတ်လာပြီ ဖြစ်သောကြောင့် ခြင်္သေ့အား နှုတ်ဆက်၍ သူ့ရပ်ရွာသို့ ပြန်သွားလေ၏။
ရောက်လျှင် သူ့ကို မှတ်မိကြသော ရွာသားတို့သည် ဖမ်းဆီး၍ သံကြိုးဖြင့် တုပ်နှောင်ကာ သူ၏ သခင်ဟောင်း ရှေ့မှောက်သို့ ပို့အပ်လေ၏။
သခင်မှာ ထိုသူအား ဥပမာပြ၍ အခြားသော အစေခံများ ကြောက်ရွံ့စေအံ့ဟု စိတ်ပိုင်းဖြတ်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ပရိတ်သတ် ထူထပ်လှသည့် ပြကွင်းကြီးတခုတွင်းရှိ သားရဲတိရစ္ဆာန်တို့ထံ ပစ်ချရန် အမိန့်ပေးလေ၏။
ထိုသတ္တဝါများထဲတွင် အလွန်ကြီး မား၍ ရိုင်းစိုင်းသော ခြင်္သေ့ကြီးတကောင်လည်း ပါဝင်လေသည်။ ထို့နောက် ထိုကျွန်အား တိရစ္ဆာန်များ အကြားသို့ ပစ်ချလိုက်လေ၏။ သို့ရာတွင် ပရိတ်သတ်တို့မှာ ရုတ်တရက် အံ့အားသင့်လျက် မတွေးတတ်နိုင် ဖြစ်သွားရလေသည်။
အကြောင်းကား အဆိုပါ ခြင်္သေ့ကြီးသည် ထိုလူသားကို တချက်မျှ လှမ်းကြည့်ပြီးလျှင် အလွန်ဝမ်းမြောက် ခင်မင်လှသော အမူအရာဖြင့် ခြေရင်း၌ အသာအယာဝပ်၍ နေလိုက်သောကြောင့် ပင်တည်း။ စင်စစ်မှာ ထိုခြင်္သေ့ကြီးသည် ကန္တာရဂူကြီးအတွင်းမှ မိတ်ဆွေဟောင်းကြီးပင် ဖြစ်လေတော့သည်။
ပရိသတ်တို့သည်လည်း ထိုကျွန်၏ အသက်ကို လွှတ်သင့်ကြောင်းဖြင့် အဆက်မပြတ် အော်ဟစ်တောင်းဆို ကြကုန်၏။ ထိုမြို့ကိုအုပ်ချုပ်ရသော ဘုရင်ခံကလည်း အကြောင်းစုံသိရသော် သို့ကျေးဇူးသိတတ်၍ သစ္စာရှိလှသည့် တိရစ္ဆာန်ရိုင်းကြီးအား အံ့ဩချီးကျူးမိဩ၏။
ထို့ကြောင့် ခြင်္သေ့ရော ကျွန်ပါ နှစ်ဦးစလုံး၏ အသက်ကို ချမ်းသာပေး၍ လွတ်လပ်စွာ နေထိုင်ကြစေဟု စီရင်ချက် ချမှတ်လိုက်လေတော့သည်။
ဒီအကြောင်းအရာလေးက တိရစ္ဆာန်တွေတောင်မှ ကျေးဇူးတရားကို သိတတ်နားလည်တတ်တယ် ဆိုတဲ့အကြောင်းကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments