တခါက မနက်ခင်း ရောက်တိုင်း တူထုသံ ကြားရတဲ့ ရွာလေးတရွာ ရှိခဲ့ဖူးတယ်။ တူထုသံ၊ စို့ ရိုက်သံဟာ မနက်ကနေ ညနေဝင်မိုးချုပ်တဲ့ အထိ ကြားရပါသတဲ့။
နှစ်ပေါင်းများစွာ ကြာလာတော့ ရွာလေးဟာ တူထုသံနဲ့ နားရင်ပါးခဲ့ပြီး ထိုတူထုသံကလည်း ရွာလေးရဲ့ သင်္ကတ တခုလို ဖြစ်လာခဲ့ပါတယ်။
တနေ့မှာတော့ ကမ္ဘာလှည့်ခရီးသွားတဦးဟာ ထိုရွာလေးကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။ ဧည့်သည်တဦးအတွက်တော့ မနက်ကနေ ညအထိ ကြားရတဲ့ တူထုသံဟာ ထူးဆန်းမှုတရပ်ပေါ့။ အဲဒါနဲ့ ခရီးဧည့်သည်ဟာ ထိုကိစ္စကို စူးစမ်းဖို့ အသံလာရာ အရပ်ဆီကို ဦးတည်ထွက်ခဲ့ ပါတယ်။
တူထုသံဟာ ရွာလေးရဲ့ ခပ်လှမ်းလှမ်း ကျောက်တောင်ခြေရင်းကနေ ထွက်ပေါ်လာတဲ့ အသံဖြစ်ပါတယ်။ ခရီးသွားဧည့်သည်ဟာ တောင်ခြေရင်းကို ရောက်သွားတော့ မုတ်ဆိတ်ဆံပင်တွေ ဖြူဖွေးပြီး ကျောက်မှုန့်တွေ ပေနေတဲ့ လူကြီးတဦးကို တွေ့ရတာပေါ့။
ဧည့်သည်ဟာ ထိုလူကြီးကို သူသိချင်နေတဲ့ အရာကို မေးပါတယ်။ "ခင်များ ဘာလို့ ကျောက်တောင်ကြီးကို ထွင်းဖောက်နေရတာ ပါလဲ" လို့ ခရီးသွားက မေးလိုက်တယ်။
လူကြီးက "ငါ့မှာ ပြင်းပြတဲ့ ဆန္ဒတခု ရှိတယ်။ အဲဒီဆန္ဒကို ငါ့လက် ငါ့အားကိုးနဲ့ ထုရိုက် ပုံဖော်နေတာပါ။ အဲဒီဆန္ဒက ဘာလဲ ဆိုရင် ဒီကျောက်တောင်ကြီးကို ဖောက်ပြီး တရွာလုံးက လူတွေ သွားလာနိုင်တဲ့ လမ်း ဖြစ်ဖို့ပဲ" လို့ ပြန်ဖြေပါတယ်။
လူကြီးရဲ့ အဖြေကို ကြားတော့ ခရီးဧည့်သည်ဟာ အံ့ဩသွားပါတယ်။ ပြီးတော့ "မဖြစ်နိုင်ပါဘူးဗျာ၊ ခင်များအချိန်တွေ အလကား မဖြုန်းစမ်းပါနဲ့" လို့ ပြန်ပြောလိုက်တယ်။
လူကြီးက "တခြားသူတွေလည်း မင့်လိုပဲ ငါ့ကို နားချကြပါတယ်" လို့ ပြန်ပြောပြီး လူကြီးဟာ သူ့အလုပ်သူ ဆက်လုပ်နေ ပါတော့တယ်။ ခရီးသွား ဧည့်သည်လည်း ရွာလေးဆီ ပြန်လှည့်လာခဲ့ ပါတယ်။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ လူပေါင်းများစွာဟာ ကျောက်လိုင်ခေါင်းဥမင်ကို ဖြတ်ပြီး သွားလာနိုင်ခဲ့ ကြပါတယ်။ ဆက်သွယ်သွားလာရေး ကောင်းမွန်သွားလို့ ရွာလေးလည်း တိုးတက်စည်ပင် လာခဲ့ပါတယ်။ ရွာလေးမှာတော့ ထိုလူကြီးရဲ့ ရာဇဝင်လေးတခုဟာ အခုလို မှတ်မှတ် ထင်ထင် ကျန်ရှိနေခဲ့ပါတယ်။
ထိုလူကြီးမှာ အလွန်ချစ်ရတဲ့ သားလေးတယောက် ရှိခဲ့တယ်။ တရက်မှာတော့ သူ့သားလေးမှာ ရောဂါဆိုးဆိုး ဝါးဝါး ဖြစ်တယ်။
တရွာလုံးက ဆေးတွေနဲ့ ကုသလည်း ပျောက်ကင်းသွားခြင်း မရှိဘူး။ ဆေးရုံဆေးခန်း သွားဖို့ ဆိုတာလည်း မြို့နဲ့လည်း အဝေးကြီး ပြီးတော့ ကျောက်တောင်ကြီးကို ကွေ့ပါတ်သွားရလို့ ရက်ပေါင်းများစွာ ကြာပါတယ်။
လူကြီးဟာ တမနက်မှာ ကျန်းမာရေး မကောင်းတဲ့ သူ့သားလေးကို ပိုးပြီး ကျောက်တောင်ကို ကျော်ဖြတ်ကာ ဆေးရုံပို့ဖို့ ရွာလေးက ထွက်သွားတယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။
ကျောက်တောင်ခြေရင်း ရောက်တယ်ဆိုရင်ပဲ ဘုရားသခင်က သူ့သားကို ပြန်ခေါ်သွားပါတယ်။ လူကြီးဟာ သူချစ်လှစွာသော သားလေးကို ကျောက်တောင် ခြေရင်း တနေရာမှာပဲ မြုပ်နှံပေးခဲ့တယ်။
ထိုအချိန်က စပြီး ဘုရားသခင်က သူ့ကို တောင်ကြီးကို လမ်းဖောက်ဖို့ တူနဲ့ စို့ကို ကိုင်စေခဲ့တယ်။ သူ့ကို သိမှီလိုက်တဲ့ ရွာသားအချို့ကတော့ တူထုသံကို ယနေ့အချိန်ထိ နားထဲ ကြားနေရဆဲပါတဲ့။
ဘဝမှာလည်း မိမိတို့စိတ်ဆန္ဒက ပြင်းပြင်းပြပြ ဖြစ်ချင်လာပြီဆို ထိုအရာဟာ ဖြစ်ဖို့ များပါတယ်။ ထိုဆန္ဒဆီ ရောက်ဖို့ ကြိုးစားတဲ့ အခါတိုင်း မဖြစ်နိုင်ပါဘူးလို့ အကြံပြုသူ တွေကိုလည်း တွေ့လာနိုင်ပါတယ်။ သို့သော် မိမိရဲ့ တူထုသံတွေကို မရပ်လိုက်ပါနဲ့။
မိမိမှာ ပြင်းပြတဲ့ ဆန္ဒရယ်၊ အချိန်မှန်မှန် လုပ်ဆောင်မှုရယ်၊ ဆန္ဒနဲ့ ကိုက်ညီမည့် အရည်အချင်းရယ်သာ ရှိရင် အောင်မြင်ပြီးမြောက်ဖို့ မခက်ပါဘူး။ ပြင်းပြတဲ့ ဆန္ဒနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ အောင်မြင်သည်သာ ဖြစ်သည်။ Crd
0 Comments