သိက္ခာနှင့် အရှက်တရား

တခါတုန်းက အာရပ်ကုန်သည် တဦးတွင် သန်မာလှပသော မြင်းတကောင် ရှိသည်။ ထိုမြင်းသည် တနေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင် သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန် မြတ်နိုးသည်။

ကုလားအုတ်တကောင် ပိုင်ဆိုင်ထားသော ဒုတိယ ကုန်သည်တဦးက အပြေးသန်သော ထိုမြင်းကို မျက်စိ ကျခဲ့သည်။

တနေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့် မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။

မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝ အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိ အသက်ရှင် နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းဆို ပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန် နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ် လေတော့သည်။

တနေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတနေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲနေခဲ့သည်။

မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန် ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိ ဖြစ်သွားပြီး မြင်းပိုင်ရှင်အား

"ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ။ ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ" ဟု ပြောလေ သည်။

မြင်းပိုင်ရှင်က "ကောင်းပြီလေ မြင်းကို ခင်ဗျား ပိုင်သွားပါပြီ။ ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော် စကားတခွန်း ပြောချင်သေးတယ်။ ဒီစကားကို ခင်ဗျား သေချာ မှတ်ထားပေးပါ"

ကုလားအုပ် ပိုင်ရှင်က "မြင်းကို ကျွန်တော် ပိုင်ပြီပဲ တခွန်း မကဘူး ခင်ဗျား ကြိုက်သလောက် ပြောလို့ရတယ်" လို့ ပြောတယ်။ ထိုအခါ မြင်းပိုင်ရှင်က

"တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လို ရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့။ ဒီစကားကို မှတ်ထားပေးပါ"

"ဘာလို့လဲ" "ဒီမြင်းကို ဘယ်လို ရခဲ့တယ် ဆိုတဲ့အကြောင်းအမှန်ကို ခင်ဗျား ပြောခဲ့ရင် နောင်တချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက ကယ်ရဲတော့ မှာလဲဗျာ"

မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံ့အ သွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။

"ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ" Crd

Post a Comment

0 Comments