တခါက တောနက်ထဲမှာ နေနေတဲ့ လူပုလေး တယောက်ဟာ ထွားကျိုင်းချင်လို့ ဆိုပြီး နည်းလမ်းလိုက်ရှာနေသတဲ့။
သူ့ပတ်ဝန်းကျင်မှာ ပထမဆုံး တွေ့ရတဲ့ မြင်းကြီးကို "ကိုမြင်းလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရမလဲဗျ" လို့ မေးတယ်။
မြင်းကြီးက "ငါ့လို ပြောင်းဖူးစေ့တွေ စား၊ များများပြေးပေါ့" လို့ ပြောပါတယ်။
လူပုလေးက အဲဒီလို လိုက်လုပ်တော့ ပြောင်းတွေ အများကြီး စားပြီး ဗိုက်တွေနာ၊ များများ ပြေးတော့ ခြေထောက်တွေ နာလာတာပဲ ရှိတယ်။ လူကတော့ ထွားမလာဘူးတဲ့။
လူပုလေးလည်း စိတ်ညစ်ပြီး တခြားတယောက်ဆီက အကြံဉာဏ် ယူမှပါ ဆိုပြီး ထွက်လာပြန်သတဲ့။
ကျွဲကြီး တကောင်ကို တွေ့တော့ "ကိုကျွဲကြီး၊ ခင်ဗျားလို သန်မာ ထွားကျိုင်းအောင် ဘယ်လို လုပ်ရလဲဗျ" လို့ မေးတယ်။
ကျွဲကြီးက "ငါ့လို မြက်တွေစား၊ ညွမ့်ညွမ့်နဲ့ အော်နေပေါ့ကွာ" လို့ ပြောသတဲ့။
လူပုလေးက အဲဒီလို လိုက်လုပ်တော့ သူ့မှာ မြက်စားလို့ ဗိုက်တွေနာ၊ အော်ရလွန်းလို့ လည်ချောင်းတွေ နာတာပဲ ရှိတယ်တဲ့။ ဒီအတိုင်း ဒီအတိုင်းပဲတဲ့။
လူပုလေးလည်း မဟုတ်သေးပါဘူးကွာ၊ တခြားသူဆီက အကြံဉာဏ် ယူမှပါ ဆိုပြီး ထပ်ရှာပြန်သတဲ့။ ခုတခေါက် တွေ့ရတာ့ ပညာရှိ ဇီးကွက်ကြီးတဲ့။
"ဦးဇီးကွက်ရေ၊ ကျွန်တော်က အရပ်ပုနေတာ စိတ်ညစ်တယ်ဗျာ။ ကိုမြင်းကြီးလို၊ ကိုကျွဲကြီးလို အရပ်မြင့်ပြီး ထွားချင်တယ်ဗျာ။ သူတို့လိုလည်း လိုက်မလုပ်နိုင်ဘူး၊ ဘယ်လိုလုပ်ရမလဲ"
ဇီးကွက်ကြီးက သူ့ကို ပြန်မေးတယ်။ "မင်း အရပ်မြင့်ချင်တာ တခြားသူတွေက လာလာ စနေလို့လား။ မြင်းကြီးလို အမြန် ပြေးချင်တာလား၊ ကျွဲကြီးလို ဝန်တွေ သယ်ချင်တာလား"
လူပုလေးက "မဟုတ်ပါဘူးဗျာ" လို့ ပြန်ဖြေတယ်။ ထိုအခါ ဇီးကွက်ကြီးက "အဲဒါဆိုရင်ဖြင့် သူများလို အရပ်မြင့်နေစရာ မလိုပါဘူး။ တကယ် အရေးကြီးတာက ဦးနှောက်ဉာဏ်ရည် မြင့်ဖို့ ပဲကွ" လို့ပြောပြီး ပျံသန်းသွားသတဲ့။
လူပုလေးလည်း ဟုတ်ပေသားပဲလို့ စဉ်းစားမိပြီး အသိဉာဏ် ပိုမြင့်လာအောင်ပဲ စာတွေဖတ် ပညာရပ်တွေ လေ့လာတာတွေ လုပ်တော့တာပေါ့။ သူအရပ်ပုတဲ့ ကိစ္စကိုလည်း စိတ်ထဲ မထားတော့ဘူးတဲ့။ phoo myat chal
0 Comments