စိတ်ရှည်ရှည်ထားပါ

တခါတုန်းက လူတယောက်ဟာ အဖိုးတန် ရေနွေးကြမ်းအိုး တလုံးကို ပိုင်ဆိုင်ထားတယ်။ သူဟာ အဲဒီရေနွေးကြမ်းအိုးကို တန်ဖိုးထားလွန်းလို့ ကုတင်ခေါင်းရင်းမှာပဲ ထားအိပ်သတဲ့။

တညမှာ ရေနွေးကြမ်းအိုးကို မတော်တဆ ထိမိလို့ ရေနွေးအိုး အဖုံးဟာ ကုတင်အောက် ပြုတ်ကျပါလေရော။ အဲဒီလူလည်း လန့်နိုးပြီး စိတ်သောက ရောက်သတဲ့။

အိုးအဖုံး မရှိပြီ ဆိုမှတော့ အိုးက ဘာအသုံးဝင်တော့မလဲ ဆိုပြီး အဲဒီလူဟာ အိုးကို လှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက် အပြင်ဖက် ပစ်ထုတ်လိုက်သတဲ့။

မနက်လင်းလာတော့ အိုးအဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ယာပေါ် ကျနေလို့ ကွဲမသွားဘူးတဲ့။ အဲဒီမှာ အိုးကို သူပစ်ထုတ်လိုက်မိပြီဆိုပြီး စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေလိုက်သတဲ့။

ထို့နောက်မှာ အိမ်အပြင်ထွက်တော့ ညက လွင့်ပစ်လိုက်တဲ့ အိုးဟာ မကွဲမရှဘဲ သစ်ကိုင်းထက်မှာ ချိတ်နေတာကို တွေ့လိုက်သတဲ့။

တခါတလေမှာ ကိစ္စတချို့က စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန် နှေးရပါတယ်။ အလောတကြီး ဖြစ်ဖို့ မလိုပါဘူး။ ကိစ္စရပ် တော်တော်များများက ကိုယ်တွေးထင်သလို မဟုတ်တတ်ဘူး။

လောတယ်၊ စိတ်ဆတ်တယ်ဆိုတာက မိစ္ဆာတကောင်လို ပါပဲ။ ကိစ္စရပ် တော်တော်များများကို အဆိုးဘက် တွေးမြင်ပြီး ပိုဆိုးအောင် လုပ်မိစေတတ်သလို အဆင်မပြေမှုတွေနဲ့ ပိုရင်ဆိုင်ရတတ် ပါတယ်။

ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ်ဖို့ကလည်း အသိဉာဏ်တမျိုး ဖြစ်ပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက်ပါနဲ့။ တစ်ချို့သောကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစား ဖြစ်ချိန်မတန်ရင် ဖြစ်မလာတတ်သေးပါဘူး။ စိတ်ရှည်ပါ။

အခက်အခဲတွေ ကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်းလိုက်ပါနဲ့။ တချို့သော အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ်ပေမယ့် တချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ်။ စိတ်ရှည်ပါ။

စိတ်ရှည်ခြင်းဆိုတာ အမှားနည်းစေသလို အလုပ်ပြီးမြောက် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ စိတ်ရှည်ခြင်း ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတ ဖြစ်ပြီး တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေရဖို့ အကောင်းဆုံး ဗျူဟာတခုလို့ ပြောလို့ ရပါတယ်။ Crd

Post a Comment

0 Comments